ယမန်နေ့ကထက် သေဆုံးသူဦးရေ သုံးဆကျော်မြင့်တက်လာခဲ့ပါတယ်

ဖိလစ်ပိုင်မှာ ဒီဇင်ဘာ ၂၉ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် သေဆုံးသူအရေအတွက် ၆၈ ဦးအထိရှိလာကြောင်းနဲ့ ထိုအရေအတွက်ဟာ ထပ်မံ မြင့်တက်လာနိုင်သေးကြောင်း ခန့်မှန်းရတယ်လို့ အာဏာပိုင်တွေက ယနေ့ (ဒီဇင်ဘာ ၃၁ ရက်) ပြောပါတယ်။ မုန်တိုင်းတိုက်ပြီး တစ်ရက်အတွင်းမှာ သေဆုံးသူအရေအတွက် ၂၂ ဦးအထိ မြင့်တက်ခဲ့ပြီးနောက် ယခုအခါ သုံးဆကျော် ထပ်မံမြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။

(Photo: AFP)

ဖိလစ်ပိုင်မြို့တော် မနီလာမြို့ အရှေ့တောင်ဘက်ရှိ တောင်တန်းထူထပ်တဲ့ Bicol ဒေသမှာ လူ ၅၇ ဦးနဲ့ အလယ်ပိုင်းဒေသရှိ Samar ကျွန်းမှာ ၁၁ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူအများစုဟာ မြေပြိုမှုနဲ့ ရေနစ်မှုတွေကြောင့်ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ "မုန်တိုင်းဒဏ်သင့်ခဲ့ပြီး ကျွန်တော်တို့ ရှာဖွေကယ်ဆယ်ရေးလုပ်ဖိုက နေရာဒေသအများကြီး ကျန်နေသေးတော့ သေဆုံးသူဦးရေ အခုထက်ပိုပြီး မြင့်တက်လာမှာကို စိုးရိမ်နေတယ်" လို့ Bicol ဒေသဆိုင်ရာ ပြည်သူ့ကာကွယ်ရေးဌာနမှ အကြီးအကဲ ကလော်ဒီယို ယူကော့တ်က ပြောပါတယ်။



(Photo: Channels TV)

ယခု တိုက်ခတ်ခဲ့တဲ့မုန်တိုင်းကို တိုင်ဖွန်းမုန်တိုင်းအဆင့် သတ်မှတ်မထားခဲ့တာကြောင့် လူတွေကို ကြိုတင်သတိပေးမှု မရှိခဲ့ဘူးလို့လည်း တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။ လေပြင်းတိုက်ခတ်မှုတွေမရှိခဲ့ပေမဲ့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုတွေဖြစ်ပေါ်ခဲ့ရာမှ နေရာဒေသအချို့မှာ မြေပြိုကျမှုတွေ ဖြစ်ခဲ့ကြောင်း သိရပါတယ်။ 

"လူတွေက မုန်တိုင်းသတိပေးချက်မရှိခဲ့တာရယ်၊ ခရစ်စမတ်ကာလ အားလပ်ရက်လည်းဖြစ်နေတော့ ဒီလောက်ဆိုးလိမ့်မယ်လို့ သတိမမူခဲ့ကြဘူး" လို့ ကလော်ဒီယို ယူကော့တ်က AFP သတင်းဌာနကို ပြောခဲ့ပါတယ်။

(Photo: Bloomberg)

လက်ရှိမှာ မုန်တိုင်းဟာ လေဖိအားနည်းရပ်ဝန်းအဖြစ် ဖိလစ်ပိုင်ကနေ ဆက်လက် ရွေ့လျားသွားပြီဖြစ်ပေမဲ့ မုန်တိုင်းဒဏ်သင့်ခဲ့တဲ့ နေရာဒေသတွေမှာ မိုးရွာသွန်းနေဆဲဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို နှောင့်နှေးစေတယ်လို့ သိရပါတယ်။ ဖိလစ်ပိုင်မုန်တိုင်းအတွင်း လူ ၁၇ ဦးလည်း ပျောက်ဆုံးနေပြီး လူဦးရေ ၄၀,၀၀၀ ကျော် နေအိမ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးဌာနက ပြောပါတယ်။ ယခု မုန်တိုင်းဟာ ၂၀၁၈ ခုနှစ်အတွင်း ဖိလစ်ပိုင်မှာ လူသေဆုံးမှုအများဆုံး မုန်တိုင်းတိုက်မှုလည်း ဖြစ်လာပါတယ်။

(Photo: EPA)

ဖိလစ်ပိုင်ကို နှစ်စဉ် တိုင်ဖွန်းနဲ့ မုန်တိုင်းအရေအတွက် ပျမ်းမျှ ၂၀ ဝင်ရောက်တိုက်ခတ်လေ့ရှိပြီး လူပေါင်းရာနဲ့ချီသေဆုံးကာ လူဦးရေသန်းနဲ့ချီပြီး ဆင်းရဲမွဲတေမှုဖြစ်စေတယ်လို့ သိရပါတယ်။ ၂၀၁၃ ခုနှစ်က တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း Haiyan ဟာ အားအကောင်းဆုံး မုန်တိုင်းဖြစ်ခဲ့ပြီး ဖိလစ်ပိုင်အလယ်ပိုင်းမှာ လူဦးရေ ၇,၃၆၀ ကျော် သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က