ဖိလစ်ပိုင်နိုင်ငံမှာ အရေးပေါ် လူနာတင်ရဟတ်ယာဉ်တစ်စီး မနီလာမြို့တော်အနီး အပန်းဖြေစခန်းတစ်ခုမှာ ပျက်ကျခဲ့ပြီး လူကိုးဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
(Photo: AFP)
ယမန်နေ့ (စက်တင်ဘာ ၁ ရက်) က ရဟတ်ယာဉ်ပျက်ကျမှုကြောင့် ကြီးမားတဲ့ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဒေသခံများ ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ဆိုရှယ်မီဒီယာမှာ လွှင့်တင်ခဲ့တဲ့ ဗီဒီယိုအရ ရဟတ်ယာဉ်ဟာ ကလမ်ဘာမြို့ရှိ အဆောက်အအုံတစ်ခုဆီသို့ အရှိန်ဖြင့် ပျက်ကျလာခဲ့ပြီးနောက် မီးတောက်များ ဖုံးလွှမ်းသွားခဲ့တာ တွေ့ရပြီး အာဏာပိုင်တွေက လူတွေကို ဘေးကင်းရာသို့ ထွက်ပြေးကြရန် တိုက်တွန်းခဲ့ပါတယ်။
(Photo: AFP)
မီးလောင်မှုကို ငြှိမ်းသတ်ပြီးနောက် ကယ်ဆယ်ရေးသမားတွေက အပျက်အစီးများအတွင်း အလောင်းကိုးလောင်းကို တွေ့ရှိခဲ့ရပြီး ပျက်ကျခဲ့တဲ့ King Air 350 အပေါ့စား ရဟတ်ယာဉ်ပေါ်မှာ လိုက်ပါလာသူတွေ ဖြစ်တယ်လို့ဆိုပါတယ်။ "တစ်ယောက်မှ အသက်မရှင်ခဲ့ပါဘူး၊ ဒီ ရဟတ်ယာဉ်မှာ လိုက်ပါလာသူအားလုံး သေဆုံးခဲ့တယ်လို့ ကျွန်တော်တို့ ယူဆပါတယ်" လို့ ဒေသခံ အရေးပေါ် ကယ်ဆယ်ရေးဝန်ထမ်း ဂျက်ဖရီ ရိုဒရီဂွက်ဇ်က AFP သတင်းဌာနကို ပြောခဲ့ပါတယ်။
ရဟတ်ယာဉ်ပျက်ကျမှုအတွင်း မြေပြင်မှာရှိနေခဲ့တဲ့ လူနှစ်ဦး ဒဏ်ရာရခဲ့ပြီး ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ယခု ဖြစ်ပွားခဲ့တဲ့ ရဟတ်ယာဉ်ပျက်ကျမှုကြောင့် အပန်းဖြေစခန်းဧရိယာအတွင်း ရှိနေခဲ့သူတွေ သေဆုံးခဲ့ခြင်း မရှိဘူးလို့ဆိုပါတယ်။
(Photo: Philippine Star)
ဖိလစ်ပိုင် လေကြောင်းပျံသန်းမှုအာဏာပိုင်အဖွဲ့က ပြောကြားမှုအရ ပျက်ကျသွားတဲ့ ရဟတ်ယာဉ်ဟာ လူနာတစ်ဦးနဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့ကို နိုင်ငံမြောက်ပိုင်းမှ မနီလာမြို့သို့ သယ်ဆောင်ပျံသန်းလာခဲ့ပြီး မနီလာမြို့မှ ၂၉ မိုင်ခန့်အကွာမှာ ရေဒါမြင်ကွင်းကနေ ပျောက်သွားခဲ့တယ်လို့ သိရပါတယ်။
အရေးပေါ် လူနာတင်ရဟတ်ယာဉ် ပျက်ကျခဲ့တဲ့ နေရာဟာ အပန်းဖြေစခန်း အများအပြားရှိပြီး အပူဆုံးလများအတွင်း လာရောက်အပန်းဖြေသူတွေနဲ့ ပြည့်နှက်နေလေ့ရှိပါတယ်။ ဖိလစ်ပိုင်မှာ ၂၀၁၈ ခုနှစ် မတ်လအတွင်းလည်း မနီလာမြို့အနီး Plaridel မြို့မှ ထွက်ခွာလာခဲ့တဲ့ လေယာဉ်တစ်စီး ပျက်ကျခဲ့ရာ လေယာဉ်ပေါ်မှာ လိုက်ပါလာသူ ခြောက်ဦးနဲ့ မြေပြင်ရှိ လေးဦး စုစုပေါင်း လူ ၁၀ ဦး သေဆုံးခဲ့ဖူးကြောင်း AFP သတင်းက ဖော်ပြပါတယ်။