ဝက်သက်ကြောင့် လူ ၂၆ ဦး သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

မနီလာမြို့တော် အပါအဝင် နေရာဒေသတွေမှာ ကူးစက်မှုနှုန်းမြင့်မားတဲ့ ဝက်သက်ရောဂါ ပျံ့နှံ့ဖြစ်ပွားနေကြောင်း ဖိလစ်ပိုင်အာဏာပိုင်တွေက ကြေညာထားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်အထိ ဖိလစ်ပိုင်မှာ ဝက်သက်ရောဂါဖြစ်ပွားမှု ၁,၈၁၃ ခုရှိခဲ့ပြီး လူ ၂၆ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ကူးစက်ရောဂါပျံ့ပွားမှုကာကွယ်ရေးဌာနရဲ့ စာရင်းတွေအရ သိရှိရပါတယ်။

(Photo: Reuters/Romeo Ranoco)

အဆိုပါ အခြေအနေက ၂၀၁၈ ခုနှစ်ကထက် ၇၄ ရာခိုင်နှုန်း ပိုမိုမြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။ ဝက်သက်ရောဂါ မွေးကင်းစကလေးတွေနဲ့ ငယ်ရွယ်တဲ့ကလေးငယ်တွေအတွက် အလွန်အန္တရာယ်ရှိနိုင်ပါတယ်။ လတ်တလော ဝက်သက်ရောဂါ ကူးစက်ဖြစ်ပွားနေမှုကြောင့် ဝက်သက်ကာကွယ်ဆေး မထိုးထားတဲ့ ဖိလစ်ပိုင်ကလေးငယ် ၂.၄ သန်းအတွက်လည်း စိုးရိမ်မှုတွေမြင့်တက်နေတယ်လို့ ဆိုပါတယ်။



ဖိလစ်ပိုင်မှာ Dengvaxia အမည်ရှိ သွေးလွန်တုပ်ကွေး ကာကွယ်ဆေးတစ်မျိုးနဲ့ ဆက်နွယ်ပြီး ပြဿနာများရှိခဲ့ပြီးနောက် မိဘတွေက ကလေးတွေကို အစိုးရကျန်းမာရေးဌာနတွေမှာ ကာကွယ်ဆေးထိုးရန် တွန့်ဆုတ်နေကြတယ်လို့ သိရပါတယ်။

(Photo: PhilStar)

ဖိလစ်ပိုင်မှာ ဝက်သက်ကာကွယ်ဆေး ထိုးနှံပေးရန် ရည်ရွယ်ထားတဲ့ ကလေးဦးရေ ၉၅ ရာခိုင်နှုန်းအောက် များစွာလျော့နည်းတဲ့ အရေအတွက်ကိုသာ ကာကွယ်ဆေးထိုးပေးနိုင်ခဲ့ကြောင်းလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organisation - WHO) ရဲ့ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာဂန်ဒိုဝီလာက ပြောခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ ဝက်သက်ကာကွယ်ဆေးထိုးရန် လိုအပ်တဲ့ ကလေးအရေအတွက်ရဲ့ ၇၅ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ပေမဲ့ ၂၀၁၇ ခုနှစ်မှာ ၆၀ ရာခိုင်နှုန်းကိုသာ ကာကွယ်ဆေးထိုးပေးနိုင်ခဲ့ကြောင်းနဲ့ ၂၀၁၈ ခုနှစ်မှာ ထိုရာခိုင်နှုန်းထက် ပိုမိုလျော့နည်းသွားခဲ့ပုံရတယ်လို့ ဆိုပါတယ်။

ဝက်သက်ရောဂါဟာ ကူးစက်မှုနှုန်းမြင့်မားပြီး လေမှတစ်ဆင့် ကူးစက်နိုင်တာကြောင့် ချောင်းဆိုးခြင်း၊ နှာချေခြင်းတို့ကနေ အလွယ်တကူ ကူးစက်ပျံ့နှံ့နိုင်ကြောင်း သိရပါတယ်။ ကနဦး ရောဂါလက္ခဏာတွေမှာ ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်းနဲ့ မျက်လုံးများ နီရဲခြင်းတို့ဖြစ်ပါတယ်။

(Photo: Jim Goodson/Science Photo Liberary)

ထို့နောက် ရက်အနည်းမျှအကြာမှာတော့ မျက်နှာနဲ့ ခန္ဓာကိုယ်မှာ အနီစက်များပေါ်လာလေ့ရှိကြောင်း သိရပါတယ်။ ဝက်သက်နဲ့ဆက်နွယ်ပြီး ထပ်တိုးရောဂါတွေက အသက်အန္တရာယ်ရှိနိုင်တာကြောင့် မိဘတွေအနေနဲ့ ကလေးများကို ကာကွယ်ဆေးလာထိုးပေးကြရန် ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီး Francisco Duque က တိုက်တွန်းထားပါတယ်။ "မိဘတွေက ဝက်သက်ကနေ ထပ်တိုးရောဂါတွေ ဖြစ်လာတဲ့အထိ စောင့်မနေသင့်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ အဲဒီအချိန်ဆိုရင် အရမ်းနောက်ကျသွားနိုင်ပါတယ်" လို့ ၎င်းကပြောပါတယ်။

(ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီး Francisco Duque) (Photo: GMA News)

"ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဝက်သက်ဖြစ်ပွားမှုတွေ မြင့်တက်လာတာကြောင့် ကူးစက်ပျံ့နှံ့ဖြစ်ပွားနေပြီလို့ ကျွန်တော်တို့ ကြေညာပါတယ်၊ နောက်ထပ် ဝက်သက်ရောဂါ ကူးစက်ဖြစ်ပွားမှုတွေကို ပိုမိုအလေးထား စောင့်ကြည့်သွားမှာပါ၊ မိခင်တွေနဲ့ အုပ်ထိန်းသူတွေကလည်း ပိုပြီး ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းပါတယ်" လို့ ကျန်းမာရေးဝန်ကြီးက ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

အစောပိုင်းက မနီလာနဲ့ လူဇွန်တို့မှာသာ ဝက်သက်ရောဂါ ကူးစက်ပျံ့နှံ့နေကြောင်း ကြေညာထားခဲ့တာ ဖြစ်ပေမဲ့ ဖေဖေါ်ဝါရီ ၇ ရက်မှာတော့ ဖိလစ်ပိုင်ရဲ့ အခြား နေရာဒေသတွေမှာလည်း ဝက်သက်ရောဂါ ကူးစက်ပျံ့နှံ့ ဖြစ်ပွားနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက တိုးချဲ့ကြေညာခဲ့တယ်လို့ BBC သတင်းက ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က