သားစိုးရဲ့ သားလေး ထက်အာကာစိုးက ညီမငယ်လေးကို အရမ်းချစ်တာကြောင့် ပန်းကလေးလို့ ကိုယ်တိုင်နာမ ည်ပေးခဲ့ပါတယ်။ သူဟာ ဘာကြောင့် စကားတွေ အရမ်းတတ်နေသလဲ ဆိုတာကိုလည်း ပြောပြထားပါသေးတယ်။
အဆိုတော် သားစိုးရဲ့ သားဖြစ်သူ ထက်အာကာစိုး က ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ပိုင်ဆိုင်ခဲ့ရတဲ့ ညီမလေးကို နာမည်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ထက်အာကာစိုးရဲ့ အိမ်ခေါ်နာမည်က ပန်းသီးလေး ဖြစ်တာကြောင့် ညီမလေးကို ပန်းကလေးလို့ နာမည်ပေးခဲ့တယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
‘’ သားကိုမွေးတုန်းက သားရဲ့ မျက်နှာလေးက နီနေလို့ ပန်းသီးလေး လို့ခေါ်တာပါ။ သားညီမလေးက ပန်းကလေးပေါ့။ ညီမလေးက ချစ်စရာလေးပေါ့နော် မွေးခန်းထဲက ထွက်လာတုန်းက မချောဘူး။ အခုမှ ပိုချောလာတာ။ ညီမလေးကို တရုတ်မင်းသားတွေ၊ မင်းသမီးတွေ လာတဲ့အချိန်မှာ မွေးတာဆိုတော့ သူက ကြီးလာရင် မင်းသမီးဖြစ်မှာပေါ့။ သားကိုမွေးတုန်းက ဂျက်ကီချန်းက မြန်မာနိုင်ငံကို လာတယ်လေ။ အဲဒါကြောင့် သားက သူများတွေကို လိုက်ချနေတာ’’ လို့ သူကဆိုပါတယ်။
ထက်အာကာစိုးဟာ သာမန်ကလေး တစ်ဦးနဲ့ မတူပဲ စကားပြောတာ၊ ဆိုတာကအစ လည်လွန်းတတ်လွန်းတာကြောင့် ပရိသတ်တွေရဲ့ အချစ်တွေ အများကြီးပိုင်ဆိုင်ထားသူလေးပါ။ ညီမငယ်လေးကို ချစ်ပေးကြဖို့ကိုလည်း သူက ပြောလာပါသေးတယ်။
‘’ သားရဲ့ ဦးနှောက်ထဲက System တွေက အရမ်းတတ်နေလို့ သား စကားပြောတာလည်း တတ်သွားတာ ဖြစ်မှာပါ။ သားကိုရော၊ သားမိသားစုကိုရော၊ သားညီမလေးကိုရော ချစ်ပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်လို့ သားက ပြောချင်ပါတယ်’’ လို့လည်း ဆက်လက်ပြောပြထားပါသေးတယ်။
Photo: Thxa Soe
အဆိုတော် သားစိုးရဲ့ သားလေး ဖြစ်တာကြောင့်လည်း အနုပညာအလုပ်ကို ဝါသနာပါတယ်လို့ဆိုပါတယ်။ ဖေဖေ သားစိုးထက် ပိုတော်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ရမယ်လို့လည်း ထက်အာကာစိုးက အခုလို ပြောပြလာပါတယ်။
‘’ သားက အဆိုတော်၊ မင်းသားဖြစ်ချင်တာ။ ဘာဖြစ်လို့လည်း ဆိုုတော့ သားရဲ့ အဖေက အဆိုတော်ဖြစ်နေလို့ သူ့ထက်မြင့်အောင် သားက အဆိုတော်၊ မင်းသားဖြစ်အောင် လုုပ်မှာပေါ့။ ဖေဖေ့ကို ရိုးသွားပြီဆိုတော့ သားကိုပဲ ကြိုက်ကြမှာလေ အဲဒါကြောင့် ပိုအဆင့်မြင့်အောင် လုပ်လိုက်တာ’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ရက်နေ့က SSC Woman Centerမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။
Photo: Thxa Soe
ထက်အာကာစိုးက ၂၀၁၈ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့မှာ အသက် ၆ နှစ်ပြည့်ခဲ့တာဖြစ်ပါတယ်။ ဖေဖေ သားစိုး ဆီက ဂီတပညာတွေ သင်ယူနေရင်းက တစ်ကိုယ်တော် သီချင်းအခွေ ထွက်ဖို့လည်း ပြင်ဆင်နေပြီလို့ သိရပါတယ်။ ဂီတ နဲ့ ပတ်သက်ပြီး ပီယာနိုလည်း ကောင်းကောင်း တီးနိုင်ပြီလို့ ဖေဖေ သားစိုးက အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။