နေဒွေးဟာ သူ့ရဲ့ အနုပညာကြေးကရတဲ့ ငွေကြေးတချို့ကို ဦးမြမောင်တို့ ဇနီးမောင်နှံရဲ့ စားဝတ်နေရေးအတွက် ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ဆိုပါတယ်။ ဦးမြမောင်ကိုလည်း ဇာတ်ကားတွေ ခေါ်ရိုက်စေချင်တယ်လို့ သူက ပြောပါတယ်။
Photo: Nay Dway
သရုပ်ဆောင် နေဒွေးကတော့ ဆင်းရဲနွမ်းပါးတဲ့ အနုပညာလောကသားတစ်ဦးဖြစ်တဲ့ ဦးမြမောင်ကို သူ့ရဲ့ အနုပညာကြေးထဲကနေ ထောက်ပံ့ငွေတချို့ပေးအပ်လှူဒါန်းခဲ့တာကိုတွေ့ရပါတယ်။
‘’ကျွန်တော်တို့ အနုပညာလောကမှာ လူကြမ်းသရုပ်ဆောင်တွေဆိုတာ အင်မတန်မှစိတ်ထားပြည့်ဝပြီး ချစ်ဖို့ကောင်းတဲ့သူတွေပါ။ ဒီနေ့ ရိုက်ကူးရေးမှာ အဘဦးမြမောင်ကို ကျွန်တော်ရတဲ့အနုပညာကြေးထဲကနေ တတ်နိုင်သလောက်နဲ့ ထပ်ပြီးကူညီပေးခဲ့သလို ရှေ့တစ်ပတ်ထဲရိုက်မယ့် ဇာတ်ကားမှာလည်း သရုပ်ဆောင်ဖို့ကမ်းလှမ်းပြီး ညှိပေးခဲ့ပါတယ်’’ လို့ ဆိုပါတယ်။
Photo: Nay Dway
ဗီဒီယိုဇာတ်ကားတွေရိုက်ကူးရေး ပါးလာတာနဲ့ အမျှ စားဝတ်နေရေး အခက်အခဲကြုံတွေ့နေရတဲ့ ဦးမြမောင်အတွက်တော့ နေဒွေးက အရမ်းကို စိတ်မကောင်းဖြစ်နေတယ်လို့ဆက်လက်ပြောပြခဲ့ပါသေးတယ်။
‘’အဘက အသက် ၇၅နှစ်ကျော်ပါပြီ။ ဇနီးနဲ့ ၂ယောက်ထဲ လှိုင်သာယာမှာနေနေရတာပါ။ ကားရိုက်ဖို့ လိုအပ်တဲ့ လူများလည်း ဆက်သွယ်ကြပါခင်ဗျ။ အဘက အနုပညာကလွဲပြီး ဘာမှမလုပ်တတ်ပါဘူးခင်ဗျ’’ ဆိုပြီးတော့ သြဂုတ်လ ၃၀ ရက်နေ့ ညနေ ၆ နာရီကျော်ကသူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ နေဒွေးရဲ့ စိတ်ထားလေးကိုလည်း ပရိသတ်များစွာက လေးစားခဲ့တာကို တွေ့ရပါတယ်။
Photo: Nay Dway
ဦးမြမောင်ဟာ အနုပညာအလုပ်တွေ ရှားပါးလာတဲ့နောက်မှာတော့ ဇနီးဖြစ်သူရော ၊ သူကိုယ်တိုင်ကပါ ကြုံရာကျပန်း အလုပ်တွေ လုပ်နေရပြီလို့ စိတ်မကောင်းစွာနဲ့ Duwun Media ကနေ ရင်ဖွင့်ပြောပြခဲ့ဖူးပါတယ်။
‘’ ဒီအလုပ်ကို အားကိုးပြီး လုပ်နေရတာပါ။ ဒါပေမယ့် ဒီအလုပ်ကလည်း ရှားပါးသွားတော့ အဘတို့အနေနဲ့ အလုပ်လက်မဲ့ဖြစ်သွားတာပေါ့နော်။ ရရာ ကြုံရာလေးပဲ လိုက်ပြီးတော့ နေ့စားလေးလုပ်လိုက်၊ ရတာလေးနဲ့ မိသားစု မျှစားပေါ့။ ဇနီးဖြစ်သူကတော့ ကြုံရာကျပန်း အဝတ်လျှော်၊ မီးပူတိုက်ပေါ့။ အဲဒီက ရတာတွေနဲ့ လုံလောက်အောင် ခြွေတာပြီးစားနေရတာပေါ့’’ ဆိုပြီးတော့ သြဂုတ်လ ၁၅ ရက်နေ့က ရွှေပိုးအိမ်မွေးနေ့အလှူကို ရောက်လာရင်း ဖြေဆိုခဲ့တာပါ။
Photo: Nay Dway
နေဒွေးဟာ အခုလက်ရှိမှာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရတာဖြစ်ပါတယ်။ နောက်ထပ် ရုပ်ရှင် ဇာတ်ကားကြီး တွေလည်း ရိုက်ကူးဖို့ လက်ခံထားတာတွေရှိတယ်လို့သိရပါတယ်။ အဲ့ဒီနောက်မှာတော့ အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း သူ့ရဲ့ ပရိသတ်တွေနဲ့ ဖြစ်စေ၊ သူတစ်ဦးတစ်ယောက်တည်းဖြစ်စေ။ အလှူအတန်းတွေ လုပ်လေ့ရှိပါတယ်။
သူ့ ကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့တာဖြစ်ပါတယ်။ သူ ကိုယ်တိုင်ကလည်း ထုတ်လုပ်ရေး တိုက်များစွာနဲ့တွဲပြီး စာချုပ်ချုပ်ရိုက်နေရတာဖြစ်တဲ့အတွက် ပရိုဂျူဆာတွေစိတ်ကြိုက်ရိုက်ပေးနေရတယ်လို့ သိရပါတယ်။ သူကိုယ်တိုင်က လည်း အရည်အသွေးမြှင့်တဲ့ ဇာတ်ကားကောင်းတွေကို ရိုက်ချင်တယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။
Share