ဆောင်းယွန်းစံကတော့ အိမ်မှာနေရတဲ့ အချိန်တွေမှာ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး လိုအပ်တာလေးတွေကို လေ့ကျင့်နေတယ်လို့ ဆိုပါတယ်။
Photo: Saung Yoon San
COVID-19 ကာလမှာ အနုပညာအလုပ်တွေ ခဏတာ နားနေတဲ့ ဆောင်းယွန်းစံ က အိမ်မှာနေရတဲ့နေ့တွေကို အကျိုးရှိရှိအသုံးချနေတယ်လို့ ဆိုပါတယ်။ သရုပ်ဆောင် တစ်ယောက်ဖြစ်တာကြောင့် ကာရိုက်တာနဲ့ ပတ်သက်ပြီး လေ့ကျင့်ဖြစ်တယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
“ Stay Home ကာလမှာလည်း ဆောင်း လုပ်တာလေးတွေကို ပရိသတ်ဆီမချပြတာက ကိုယ် လုပ်တဲ့အရာလေးတွေကို သူတို့လိုက်လုပ်လို့ အဆင်မပြေတာလေးတွေပါ။ ဆောင်းက ဝတ္ထု စာအုပ်ဖတ်ပြီးတော့ အိုက်တင် လေ့ကျင့်တယ်၊ သီချင်းဆိုတာ လေ့ကျင့်တယ်။ ဒါတွေက သူတို့ လိုက်လုပ်လို့ရတဲ့ အရာ တစ်ခုမဟုတ်ဘူးပေါ့။ သီချင်းဆိုရင်လည်း ဆောင်းက သိပ်မဆိုတတ်သေးတဲ့အတွက် ပရိသတ်အရှေ့မှာ မဆိုပြရဲသေးဘူး။ ဒီကာလမှာတော့ ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်နေတာပေါ့ ဒီသဘောပါ” လို့ သူက ဆိုပါတယ်။
Photo: Saung Yoon San
အိမ်မှာနေရတဲ့ အချိန်တွေ ကြာလာတာနဲ့ အမျှ ခရီးသွားချင်စိတ်တွေ ဖြစ်မိတယ်လို့ ဆောင်းယွန်းစံက ပြောပါတယ်။
“ ဒီ COVID-19 ကာလမှာ အိမ်အပြင်လည်း ထွက်မရတော့ အိမ်မှာနေရင်းနဲ့ နောက်ထပ် လာမယ့် Program လေးတွေမှာ ဘာတွေ ရိုက်ကြမလဲ ဆိုတာလေးတွေ ဆွဲဖြစ်တယ်။ သီချင်းဆိုတာ လေ့ကျင့်တာတို့၊ စာအုပ်ဖတ်တာတွေ လုပ်ဖြစ်တယ်။ တစ်နေ့ တစ်နေ့ အိမ်မှာပဲ နေနေရတာဆိုတော့ ဒီ COVID-19 ပြီးသွားရင် ခရီးသွားဖို့တော့ ပြင်ဆင်ထားတယ်။ ရန်ကုန်ထဲ သွားရ သွားရ ၊ နယ်ခရီး သွားရ သွားရ အရမ်းသွားချင်နေတယ်” ဆိုပြီးတော့ မေလ ၃ ရက်နေ့က ခန့်စည်သူရဲ့ အလှူမှာ လာရောက် ကူညီရင်း ဖြေဆိုခဲ့တာပါ။
Photo: Saung Yoon San
ဆောင်းယွန်းစံဟာ သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ရောက်ရှိနေခဲ့တာ ကြာပါပြီ ။ ဗီဒီယိုဇာတ်ကားတွေ တော်တော်များများ ရိုက်ကူးခဲ့ရသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူမကို ပရိသတ်တွေပိုပြီး သတိထားမိသွားတာကတော့ ၂၀၁၈ ခုနှစ် အကယ်ဒမီပေးပွဲမှာ ရွှေကြိုအဖြစ် ပါဝင်ခဲ့တာကြောင့် ဖြစ်ပါတယ်။ အနုပညာလောကက သားသမီးတွေနဲ့အတူ ရွှေကြိုထဲမှာ ပါဝင်ခဲ့တဲ့ သူမကို ပရိသတ်တွေ ပိုပြီး သတိထားမိခဲ့တာ ဖြစ်ပါတယ်။