အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ယမန်နှစ် ငြိမ်းချမ်းရေးနိုဘယ်ဆု ရွေးချယ်ပေးအပ်ရာမှာ သူ့ကို လျစ်လျူရှုခဲ့ကြကြောင်း တွေးထင်နေပုံရတယ်လို့ ဆိုပါတယ်။
(အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်) (Photo: AFP)
ကြာသပတေးနေ့ (ဇန်နဝါရီ ၉ ရက်) က အိုင်ဟိုင်းယိုးပြည်နယ် တိုလီဒိုမြို့မှာ ပြုလုပ်ခဲ့တဲ့ ထောက်ခံသူတွေနဲ့တွေ့ဆုံ မဲဆွယ်စည်းရုံးပွဲအတွင်း ၎င်းရဲ့ ပြောကြားမှုအရ ထရန့်က ထိုသို့တွေးနေနိုင်ကြောင်းနဲ့ အဆိုပါမှတ်တမ်း ဗီဒီယိုကိုလည်း Twitter မှာ မျှဝေထားတာ တွေ့ရပါတယ်။
(၂၀၁၉ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် အဘီအာမက်) (Photo: AFP)
သမ္မတထရန့်က ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်နဲ့အမည် သို့မဟုတ် နိုင်ငံကို ထည့်သွင်းမပြောခဲ့ပေမဲ့ ယမန်နှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆုရသွားတဲ့ အီသီယိုးပီးယားနိုင်ငံ ဝန်ကြီးချုပ် အဘီအာမက်ကို ရည်ညွှန်းခဲ့ကြောင်း ထင်ရှားတယ်လို့ BBC သတင်းက ဖော်ပြပါတယ်။ အသက် ၄၃ နှစ်အရွယ် အီသီယိုးပီးယားဝန်ကြီးချုပ် အာမက်ဟာ အာဖရိကမှ အသက်အငယ်ဆုံး နိုင်ငံ့ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ် ဧပြီလမှ ဝန်ကြီးချုပ်ဖြစ်လာတဲ့ အာမက်က ယမန်နှစ်အတွင်း လက်မှတ်ရေးထိုးခဲ့တဲ့ ငြိမ်းချမ်းရေးသဘောတူစာချုပ်အရ အီရီထရီးယားနိုင်ငံနဲ့ နှစ်ပေါင်း ၂၀ ကြာ စစ်ရေးတင်းမာနေခဲ့တဲ့ မတိုးသာမဆုတ်သာ အခြေအနေကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ အီသီယိုးပီးယားနဲ့ အီရီထရီးယားတို့ဟာ ၁၉၉၈ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ နယ်စပ်ဒေသစစ်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်ရေးတင်းမာနေခဲ့ကြတာလည်း ဖြစ်ပါတယ်။