မိုင်းရှူးမြို့ကနေ ရန်ကုန်မြို့ဆီတင်ပို့မယ့် စိတ်ကြွရူးသွပ်ဆေးပြားရှစ်သိန်းခြောက်သောင်းကျော်ကို မန္တလေးမြို့အဝင် ၁၆ မိုင်ဂိတ်ရှာဖွေရေးစခန်းမှာ မနေ့က ရှာဖွေတွေ့ရှိဖမ်းဆီးရ မိလိုက်တယ်လို့ နယ်မြေအပိုင်ရဲစခန်းဆီကသိရပါတယ်။
Photo - ရဲဇာနည်
စုစုပေါင်းမြန်မာကျပ်ငွေ သိန်းပေါင်းလေးသောင်းသုံးထောင်လေးရာခန့်တန်ဖိုးရှိတဲ့ WY စိတ်ကြွရူးသွပ်ဆေးပြားတွေလို့သိရပြီး ဒီမူးယစ်ဆေးဝါးတွေကို ရှမ်းပြည်မြောက်ပိုင်း မိုင်းရှူးမြို့ကနေ ရန်ကုန်မြို့ဆီပို့ဆောင်ဖို့အတွက် ကိုယ်ပိုင်မော်တော်ယာဉ်နဲ့သယ်ဆောင်လာစဉ် မန္တလေးမြို့အဝင် ၁၆ မိုင်ဂိတ်ရှာဖွေရေးစခန်းမှာ ပူးပေါင်းအဖွဲ့ရဲ့ ရှာဖွေစစ်ဆေး ဖမ်းဆီးခြင်းခံခဲ့ရတာပါ။
"မူးယစ်တပ်ဖွဲ့စုပူးပေါင်းအဖွဲ့ကဖမ်းပြီး အခုတော့ စခန်းမှာအမှုဖွင့်ထားတာပါ" လို့ နယ်မြေအပိုင်ရဲစခန်းဖြစ်တဲ့ ပုသိမ်ကြီးမြို့နယ် အုန်းချောနယ်မြေရဲစခန်းမှတာဝန်ရှိရဲဝန်ထမ်းတစ်ဦးက Duwun ကို ပြောပါတယ်။
ဖြစ်စဉ်မှာ မနေ့ကမနက် ၄ နာရီအချိန်ခန့်က ပြင်ဦးလွင်မန္တလေးအဆင်းလမ်း မန္တလေးမြို့အဝင် ပုသိမ်ကြီးမြို့နယ် ၁၆ မိုင်ဂိတ်ကျောက်ချောစစ်ဆေးရေးစခန်းမှာ မူးယစ်တပ်ဖွဲ့စု ၁၇ မှတာဝန်ရှိသူတွေနဲ့ အကောက်ခွန်ဦးစီးဌာနတာဝန်ရှိသူတွေပါဝင်တဲ့ပူးပေါင်းအဖွဲ့ဟာ မော်တော်ယာဉ်တွေကိုရှာဖွေစစ်ဆေးမှုပြုလုပ်နေစဉ် ယာဉ်မောင်းသော်လ(အသက် ၂၁ နှစ်၊ မိုင်းရှူးမြို့နယ် ဝမ်လွယ်ကျေးရွာ)မောင်းနှင်ပြီး အိုက်လုံး(အသက် ၃၁ နှစ်၊ တန့်ယန်းမြို့နယ် ၂ ရပ်ကွက်) နဲ့ ဖြိုးသီဟ(ခ)အိုက်ဖြိုး(အသက် ၃၅ နှစ်၊ မိုင်းရှူးမြို့နယ် ဝမ်လွယ်ကျေးရွာ) တို့အတူလိုက်ပါတဲ့ ကိုယ်ပိုင်မော်တော်ယာဉ်အား သက်သေတွေနဲ့အတူရှာဖွေစစ်ဆေးစဉ် ယာဉ်နောက်ခန်းနောက်ထိုင်ခုံအောက်ကြမ်းခင်းအံဝှက်အတွင်း ဝှက်ပြီးသယ်ဆောင်လာတဲ့ WY စာတန်းပါလိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၅၂၆၀၀၀၊ အပိုဘီးတာယာအတွင်းဝှက်ပြီးသယ်ဆောင်လာတဲ့ WY စာတန်းပါလိမ္မော်ရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၃၄၂၀၀၀၊ စုစုပေါင်းဆေးပြား ၈၆၈၀၀၀ ရှာဖွေဖမ်းဆီးရမိခဲ့ကြောင်း၊ ဖမ်းဆီးရမိတဲ့ဆေးပြားတွေရဲ့ကာလတန်ဖိုးဟာ ကျပ်သိန်းပေါင်း ၄၃၄၀၀ ခန့်(တစ်ပြားကို တန်ဖိုးငါးထောင်ကျပ်နှုန်း)ဖြစ်ကြောင်း၊ ဒီမူးယစ်ဆေးပြားတွေကို Protable Xray System စက်ကိရိယာနဲ့ရှာဖွေစစ်ဆေးခဲ့တာဖြစ်ကြောင်း ရဲမှတ်တမ်းအရသိရပါတယ်။
ဖမ်းဆီးရမိတဲ့ဆေးပြားတွေဟာ မိုင်းရှူးမြို့နယ် ဝမ်လွယ်ကျေးရွာနေသူလူတစ်ဦးက သယ်ယူပို့ဆောင်ပေးခကျပ်သိန်းနှစ်ရာနဲ့ခိုင်းလို့ ရန်ကုန်မြို့ဆီပို့ဆောင်ဖို့သယ်ဆောင်လာစဉ် ဖမ်းဆီးခံရတာဖြစ်တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့လည်း အဆိုပါတာဝန်ရှိသူကပြောပါတယ်။
ဒီဖြစ်စဉ်အပေါ် ပုသိမ်ကြီးမြို့နယ် အုန်းချောနယ်မြေရဲစခန်းက မယ(ပ)၁၉/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁ တို့နဲ့ အမှုဖွင့်အရေးယူထားတယ်လို့သိရပါတယ်။
မနေ့ကတစ်ရက်တည်းမှာပဲ ညနေ ၆ နာရီခွဲအချိန်ခန့်ကလည်း ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာ၊ မန္တလေး-ပြင်ဦးလွင်ကားလမ်းဘေး မိုင်တိုင်အမှတ် ၂၇/၇ မှာ အိမ်စီးကိုယ်ပိုင်မော် တော်ယာဉ်နှစ်စီးအား မသင်္ကာလို့ရှာဖွေစစ်ဆေးခဲ့တာမှာ ဘိန်းဖြူ ၉၇၂ ဂရမ် နဲ့ စိတ်ကြွရူးသွပ်ဆေးပြားတစ်သိန်းခွဲ (နှစ်ခုပေါင်းကာလတန်ဖိုးကျပ်သိန်းပေါင်းရှစ်ထောင်ကျော်) ရှာဖွေဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။
Share