Jay Baas ဟာ Innocence ဇာတ်လမ်းတွဲထဲက တုနှိုင်းခ ဇာတ်ကောင်အဖြစ် သူ့ကိုမြင်ရဖို့အတွက် အတိုက်အခိုက်တွေအများကြီးကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရတယ်လို့ဆိုပါတယ်။
Photo: Jay Baas
Innocence ဇာတ်လမ်းတွဲနဲ့ ပရိသတ်စသိခဲ့တဲ့ Jay Baas ဟာ ပရိသတ်တွေ သတိမထားမိခဲ့တဲ့ သူ့ရဲ့ နောက်ကွယ်က ခံစားချက်တွေကို Duwun Media ရဲ့ ဖုန်းနဲ့ဆက်သွယ်မေးမြန်းမှုမှာ အခုလို ဖြေဆိုခဲ့ပါတယ်။ Innocence ဇာတ်လမ်းတွဲကို ဆက်မရိုက်နိုင်အောင် အမျိုးမျိုး နှိမ်ချခဲ့တာတွေ ကြုံခဲ့ဖူးတယ်လို့ ဆိုပါတယ်။
“ ဒီဇာတ်ကားက ကျွန်တော့်အတွက် ၃ နှစ်လောက် စောင့်ခဲ့ရတဲ့ ဇာတ်ကားဖြစ်လို့ ပါဝင်ရတဲ့အချိန်မှာ အရမ်းပျော်တယ်။ ဒီဇာတ်ကားက ကုမ္ပဏီ ၃ ခုလောက် ပြောင်းခဲ့တယ်။ ဒုတိယကုမ္မဏီမှာ ကျွန်တော့်ကို သူတို့က ကုမ္ပဏီ စာချုပ်ရော Seriesစာချုပ်ပါချုပ်ခိုင်းခဲ့တယ်။ ဒါပေမယ့် Companyစာချုပ်ချုပ်ခိုင်းရာမှာ သူတို့ဘက်က ကျွန်တော်လုပ်ကိုင်မယ့်ဘယ်အနုပညာအလုပ်မဆို ကျွန်တော်ရရှိမယ့်အကျိုးအမြတ်ရဲ့ 70%ကို companyဖက်ကိုပေးရမည့်ဆိုသည့်အပြင် မည်သည့်အကျိုးခံစားခွင့်မျှ ရေရေရာရာမပါဝင်သောကြောင့် companyစာချုပ်ချုပ်ဆိုဖို့ကိုငြင်းဆန်ကာ seriesစာချုပ်သာချုပ်မည် ငဘောတူခဲ့ပါသည်။ Companyစာချုပ်ချုပ်ရန် အဆင်မပြေသည့်အခါ မျိုးစုံမထွက်ထွက်အောင် companyဘက်မှဖိအားပေးခဲ့ပါတယ်။ ပထမသဘောတူထားခဲ့သလို သူတို့companyဘက်က သရုပ်ဆောင်ဖို့အတွက် ဘာမှလည်း မသင်ပေးတဲ့အပြင် ၅ လ၊ ၆ လလောက်ထိလည်း မရိုက်ဘူး။ ကျွန်တော့်ကို auditionတွေမျိုးစုံစစ်ကာ ၅လ ၆လလောက်ထိညှင်းခဲ့တယ်။ ကျွန်တော်လည်း fanတွေမျက်နှာတခုထဲနဲ့အကုန်လုံးကို ကြိတ်ပြီးတင်းခံခဲ့တယ်။ နောက်ဆုံး auditionစစ်ပြီးနောက် စရိုက်မည်ဟုပြောပြီးနောက် ကျွန်တော့်ကို ၄ ၅လလောက်အဆက်အသွယ်မလုပ်ပါဘူး။ သိပ်မကြာပါဘူး ဇာတ်လမ်း ဆက်မရိုက်ဘူးဆိုပြီး ကြေညာတာ။ ကျွန်တော့်ကို ဖြုတ်ချင်တာ ဖြုတ်လို့မရတော့ ဇာတ်လမ်း ဆက်မရိုက်ဘူးဆိုပြီး တတိယမြောက် ကုမ္မဏီကို ရောက်သွားတာ” လို့ သူက ပြောပါတယ်။
Photo: Jay Baas
Jay Baas ဟာ အနုပညာမျိုးရိုး မရှိတဲ့သူဖြစ်တာကြောင့် သရုပ်ဆောင် အလုပ်ကို စပြီး လက်ခံလိုက်ချိန်မှာ အခက်အခဲများစွာကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။
“ ကျွန်တော်လည်း တော်တော် စိတ်ညစ်တယ်၊ စိတ်ဓာတ်လည်း ကျခဲ့ရတယ်။ ဘာလုပ်လို့ လုပ်ရမှန်းလည်း ကျွန်တော်မသိဘူး။ အနုပညာအလုပ်နဲ့လည်း ကျွန်တော်က အလှမ်းဝေးတဲ့သူဆိုတော့ အခုမှ စဝင်လာတာကို ဒီလိုတွေ အနှိမ်ခံရတော့ တကယ်ကို အလူးအလဲ ခံစားခဲ့ရတာ။ ကံကောင်းတာက ကျွန်တော့်မှာ Fan တွေရှိတယ် ဆိုတဲ့ စိတ်နဲ့ ဆက်လုပ်ခဲ့ရင်းက ဒီအထိကို ရောက်လာခဲ့တာပါ”လို့လည်း ဆက်လက် ပြောပြခဲ့ပါသေးတယ်။
Photo: Jay Baas
လက်ရှိမှာတော့ Innocence Series ကို ဆက်လက်ရိုက်ကူးဖို့ ပြင်ဆင်နေပေမယ့် COVID-19 ကြောင့် ခဏနားထားတယ်လို့ သိရပါတယ်။ ဒီဇာတ်လမ်းတွဲဟာ ဆယ်ကျော်သက် မိန်းကလေး ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို အများဆုံး ခံနေရတာ တွေ့ရပါတယ်။ Jay Baas ကိုတော့ Innocence ရုပ်သံဇာတ်လမ်းတွဲထဲက “တုနှိုင်းခ” ဆိုတဲ့ ဇာတ်ကောင်နဲ့ ပါဝင်သွားမယ့် သရုပ်ဆောင်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ Innocence Series ရဲ့ Teaser Video Click လေးကို ဖေ့စ်ဘွတ်ပေ့ချ်မှာ ဖေဖော်ဝါရီလ အတွင်းက မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး အခုဆိုရင် ကြည့်ရှုသူ ၅ သိန်းကျော်သွားတာကို တွေ့ရပါတယ်။
Photo: Jay Baas
ကိုရီးယားဆန်ဆန် ချစ်စရာကောင်းတဲ့ လူငယ်တစ်ယောက်ဖြစ်တာကြောင့်လည်း ဆယ်ကျော်သက် မိန်းကလေးတွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားသူ ပါ။ လက်ရှိမှာလည်း Back to you ဆိုတဲ့ ဇာတ်လမ်းတိုနဲ့ အနုပညာအလုပ်တွေကို ဆက်လက် လုပ်ကိုင်နေတာ တွေ့ရပါတယ်။ ရုပ်သံဇာတ်လမ်းတွဲထဲက “မြူခိုး” ဆိုတဲ့ ဇာတ်ကောင်ကို ပထမဆုံးအနေနဲ့ ထက်ဦးထွဋ်ကို ရွေးချယ်ခဲ့ဖူးပါတယ်။ ထက်ဦးထွဋ် ထွက်သွားပြီးတဲ့နောက်မှာတော့ အဆိုပါဇာတ်ကောင်နေရာကို မိုးမာန် က ပါဝင်သွားမယ်လို့ သိရပါတယ်။ နောက်ထပ်လည်း မိုးမာန်က မရိုက်ဖြစ်တော့တဲ့အချိန်မှာတော့ မော်ဒယ်လ်၊ သရုပ်ဆောင် ရှိုင်းဝဏ္ဏအောင်က ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။