ပြီးခဲ့တဲ့ မေလကစပြီး Instagram ဟာ ပုံတွေ ပို့စ်တွေအောက်မှာ Likes အရေအတွက် ဘယ်လောက် ရှိနေပြီလဲဆိုတာကို မပြတော့တဲ့ စနစ်ကို စမ်းသပ်ခဲ့ပါတယ်။
ကနေဒါမှာ စတင်စမ်းသပ်ခဲ့တဲ့ ဒီစနစ်ကို နိုင်ငံ ၇ ခုမှာ သုံးလာပြီ ဖြစ်ပါတယ်။ Instagram ရဲ့ Twitter အကောင့်ကနေ Like အရေအတွက် မဖော်ပြတဲ့ စနစ်ကို စမ်းသပ်သွားမယ့် နိုင်ငံစာရင်းကို ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး ဒီထဲမှာ ကနေဒါနိုင်ငံအပြင် ဘရာဇီး ၊ သြစတြေးလျ ၊ အိုင်ယာလန် ၊ အီတလီ ၊ ဂျပန်နဲ့နယူးဇီလန် တို့လည်း ပါဝင်နေပါတယ်။
Photo: 9To5Mac
" ကျွန်တော်တို့အနေနဲ့သင် share လိုက်တဲ့ ပုံနဲ့ဗွီဒီယိုတွေကို သင့်သူငယ်ချင်းတွေ အာရုံစိုက်ဖို့ပဲ လုပ်ချင်ပါတယ်။ ဒီပုံတွေမှာ Like ဘယ်လောက် ရနေပြီလဲဆိုမျိုး မဖော်ပြချင်ပါဘူး" လို့Instagram က ဆိုပါတယ်။ " သင့်ပုံတွေအောက်မှာ ဘယ်သူတွေ Like လုပ်လာတယ်ဆိုတာကို ကာယကံရှင်အနေနဲ့မြင်ရမှာ ဖြစ်ပေမယ့် သူငယ်ချင်းတွေကတော့ သင့်ပို့စ်အောက်မှာ Like ဘယ်လောက် ရနေပြီဆို တွေ့ရမှာ မဟုတ်ပါဘူး"
Instagram ပို့စ်တွေမှာ Like ဖော်ပြမှု ရပ်တန့်လိုက်ခြင်းဟာ လူငယ်လူမှုကွန်ရက် သုံးသူများအကြား အနိုင်ကျင့်မှု မဖြစ်စေဖို့လို့CNET သတင်းက ဆိုပါတယ်။ Instagram ဟာ ပြီးခဲ့တဲ့ ဧပြီလက Facebook F8 Developer Conference ပွဲမှာ အွန်လိုင်း အနိုင်ကျင့်မှုကို ကာကွယ်ဖို့features သစ်တွေ ထုတ်သွားမယ်လို့ကြေညာထားပြီး မကြာသေးမီကပဲ ပို့စ်တွေအောက်မှာ ရန်လိုတဲ့ comment တွေကိုု သိရှိအသိပေးမယ့် AI feature တစ်ခု မိတ်ဆက်ခဲ့ပါတယ်။
Photo: TechRadar
၂၀၁၇ ခုနှစ်က ယူကေနိုင်ငံမှာ လုပ်တဲ့ လေ့လာမှုတစ်ခုမှာ Instagram ဟာ လူငယ်တွေ စိတ်ကျန်းမာရေး ထိခိုက်မှု အမြင့်ဆုံး လူမှုကွန်ရက်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ လူမှုကွန်ရက်သုံးသူ လူငယ်တွေအတွက် စိတ်ထိခိုက်မှု အများဆုံး Social Networks တွေထဲမှာ Instagram က အဆိုးဆုံး ဖြစ်ပြီး သူ့နောက်မှာ Snapchat ၊ Facebook ၊ Twitter နဲ့YouTube တို့က အစဉ်အတိုင်း ရပ်တည်နေပါတယ်။