Instagram မှာ ကွာလတီကောင်းကောင်းနဲ့ အရမ်းမိုက်တဲ့ ပုံလေးတွေ တင်ချင်ပေမယ့် မရိုက်တတ်လို့ စိတ်ညစ်နေတာလား။ ကင်မရာရှေ့မှာ ဘယ်လိုနေရင် အရမ်းမိုက်တဲ့ ပုံလေးတွေ ရမလဲဆိုတာကို အရမ်းပြောပြချင်နေပါပြီ။ Instagram မှာ အရမ်းမိအရမ်းမိုက်တဲ့ မော်ဒယ်ကောင်မလေးတစ်ယောက်လို ခံစားရစေမယ့် ဓာတ်ပုံလေးတွေ တင်ဖို့အတွက် နည်းလမ်းလေးတွေ လိုက်မှတ်ထားနော်။
အဝေးကြည့်ပို့စ်
မျက်ဝန်းအကြည့်ကို ကင်မရာဆီမပို့ဘဲ အဝေးကို ပို့ထားတဲ့ ပုံလေး ရိုက်ပါ။ ဓာတ်ပုံရိုက်နေတာကို မသိပါဘူးဆိုတဲ့ ပုံစံမျိုးလေးနေပါ။ သဘာဝကျကျလေးတော့ ဖြစ်ပါစေ။ ဒီလိုလေး ဓာတ်ပုံရိုက်တာက ကင်မရာကို တိုက်ရိုက်ကြည့်ပြီး ရိုက်တာထက် ပို သက်တောင့်သက်သာ ရှိစေပြီး ပုံမိုက်မိုက်ကလေး ထွက်လာပါလိမ့်မယ်။
ပခုံးအသားပေးပို့စ်
ကင်မရာရှေ့တည့်တည့်မှာ ခန္ဓာကိုယ်ကို တောင့်တောင့်ကြီး လုပ်ထားတာက ခန္ဓာကိုယ် ကို ပုံစံအကြီးကြီး ပေါ်သွားစေပါတယ်။ အဲဒီလိုမလုပ်ဘဲ ဘေးတစောင်းလေးရိုက်တာက ပိန်သွားသယောင်ယောင်ထင်ရစေပါတယ်။ နဂိုပိန်ပြီးသား ကောင်မလေးတွေရိုက်ရင်လည်း ပုံစံမိုက်မိုက်လေး ဖြစ်သွားပါတယ်။ ပခုံးပေါ် မျက်နှာလေးတင်ပြီး ဘေးတခြမ်းလေး ရိုက်တာက ပိုဆွဲဆောင်မှုရှိတဲ့ ပုံလေး ဖြစ်သွားစေပါတယ်။
ဆံပင်ကိုင်ပို့စ်
ဘယ်လို ပို့စ်ပေးရမှန်းမသိဖြစ်နေရင် အများကြီး စဉ်းစားမနေပါနဲ့ ။ တချို့ မဒီလေးတွေဆိုလည်း ဓာတ်ပုံရိုက်ရင် လက်ကို ဘယ်နားထားလို့ ထားရမလဲမသိ ဖြစ်နေတတ်ပါတယ်။ အဲဒီလို ဖြစ်နေတယ်ဆိုရင်တော့ လက်ကို ဆံပင်ဆီသာ ပို့ထားလိုက်ပါ။ ဆံပင်ကိုင်ထားတာမျိုး ၊ ဆံပင်ကို ဖွနေတဲ့ ပုံစံမျိုး ၊ ဦးထုပ်ဆောင်းထားရင်လည်း ဦးထုပ်ကိုကိုင်တာ ၊ မျက်မှန်ကို ကိုင်တာမျိုးတွေ လုပ်လို့ရပါတယ်။
ကိုယ့်ရဲ့ လှတဲ့ဘက်ခြမ်းကို သိပါစေ
ဓာတ်ပုံရိုက်ချင်တဲ့ မဒီလေးတွေအတွက် ကိုယ်က ဘယ်ဘက်ခြမ်းက လှတာလဲဆိုတာကို သိနေဖို့ လိုအပ်ပါတယ်။ လူတိုင်းက ဘယ်ဘက်ခြမ်းနဲ့ ညာဘက်ခြမ်း က မတူကြပါဘူး။ ပိုကြည့်လို့လှတဲ့ ဘက်ခြမ်းဆိုတာ သပ်သပ်ရှိပါတယ်။ ကိုယ်ရဲ့ ဘယ်ဘက်ခြမ်းက ပိုလှသလဲဆိုတာ သိရဖို့အတွက် မှန်ရှေ့မှာ တစ်ဖက်ချင်းစီ လှည့်ပြီး ကြည့်ကြည့်ပါ။ ဓာတ်ပုံရိုက်မယ်ဆိုရင်လည်း ကိုယ့်ရဲ့ လှတဲ့ဘက်ခြမ်းကို ဦးစားပေးရိုက်ဖို့ သတိတရရှိပါစေ။
လက်ဘယ်နားထားရမယ်မှန်း မသိကြသူတွေအတွက်
ဓာတ်ပုံရိုက်တိုင်း ပြဿနာတက်ရတာက လက် ဘယ်နားထားရမလဲမသိတဲ့ ပြဿနာပါပဲ။ ဒီလိုအခြေအနေမျိုးမှာ လက်ကို မျက်နှာနားထားတာ အကောင်းဆုံးပါပဲ။ ဆံပင်သပ်တင်နေတဲ့ပို့စ်၊ မျက်နှာတစ်ခြမ်းအုပ်တဲ့ပို့စ်၊ နှုတ်ခမ်းကိုင်တဲ့ပို့စ် ၊ ပါးကို လက်သီးဆုပ်လေးနဲ့ ထိနေတဲ့ပို့စ် ၊ မျက်နှာတစ်ဝိုက်မှာတင် လက်ကို ကစားပြီး ပို့စ်ပေးလို့ရပါတယ်။ မိတ်ကပ်ပျက်မှာကြောက်တဲ့သူတွေ အတွက်ဆိုရင်လည်း ဖွဖွလေးပဲ မထိတထိ ပို့စ်ပေးမယ်ဆိုရင် စတိုင်မိတဲ့ ပုံလေးတွေ ရနိုင်ပါတယ်။
ခြေချိတ်ထိုင်နေတဲ့ ပို့စ်
ဓာတ်ပုံရိုက်ရင် တောင့်တောင့်ကြီးရပ်ပြီး ရိုက်တာထက်စာရင် ခြေချောင်းတွေကို ယှက်ထားပြီး ရိုက်တာက ရုပ်ထွက် ပိုမိုက်စေပါတယ်။ ဒီလိုပါပဲ ထိုင်ရိုက်မယ်ဆိုလည်း ရိုးရိုးကြီးထက် ခြေထောက်ချိတ်ထိုင်တဲ့ ပို့စ်က ပိုမိုက်ပါတယ်။ ဒါကြောင့် ပုံမိုက်မိုက်လေးတွေ ရိုက်မယ်ဆိုရင် ခြေထောက်လေးတွေ ယှက်ဖို့ ၊ ခြေထောက်ချိတ်ထိုင်ဖို့ မမေ့ပါနဲ့နော်။
ရယ်မောနေဟန်ပို့စ်
ပြုံးလိုက်လို့ လှတယ်လို့ ခံစားရလား။ တကယ်တော့ ဘယ်သူပဲဖြစ်ဖြစ် ပြုံးနေရင် ချစ်စရာကောင်းတတ်ပါတယ်။ ဒါ့ကြောင့် ရယ်မောပျော်ရွှင်နေတဲ့ ပုံလေးတွေကလည်း ဓာတ်ပုံကို သဘာဝကျကျ လှပစေပါတယ်။ ဒါ့ကြောင့် လွတ်လွတ်လပ်လပ်ရယ်မောနေတဲ့ ပို့စ်လေးတွေကလည်း ကိုယ့်ကို လှပရိုးရှင်းချစ်စရာကောင်းတယ်လို့ ခံစားစေရသလို မြင်ရတဲ့သူကိုလည်း စိတ်ချမ်းသာစေပါတယ်။
လက်ချင်း ယှက်ထားတဲ့ ပို့စ်
ခြေချောင်းတွေ ယှက်ထားတဲ့ ပို့စ်ပြီးတော့ လက်မောင်းချင်း ယှက်ထားတဲ့ ပို့စ်ကိုလည်း မမေ့သင့်ပါဘူး။ ကိုယ်ကို တဖြောင့်တည်းရပ်ထားပြီးတော့ လက်ချင်းယှက်ထားတဲ့ ပို့စ်တွေကိုတော့ မော်ဒယ်တွေရဲ့ Photo တော်တော်များများမှာ မြင်တွေ့ဖူးကြမှာပါ။ ကိုယ့်ကိုယ်ကိုယ် မော်ဒယ်လေးတစ်ယောက်လို သဘောထားပြီး ကျော့ကျော့မော့မော့လေး ရိုက်ကြည့်ပါ။ စိတ်ကို Relax လုပ်ထားလေလေ ကိုယ့်ရဲ့ ဓာတ်ပုံက ရုပ်ထွက်ပိုလှလေလေပါပဲ။
အချေပို့စ်
ပြုံးနေတဲ့ ပုံလေးတွေက လှပြီး သဘောကျချင်စရာကောင်းသလိုပဲ အချေရုပ်ကလေးတွေကလည်း ဆွဲဆောင်မှုရှိပြီး သဘောကျစရာကောင်းပါတယ်။ အချေရုပ်ကလေး ဖြစ်အောင် ရိုက်မယ်ဆိုရင် နှုတ်ခမ်းကို ပေါ်လွင်အောင် ရိုက်တဲ့ပုံစံလေးတွေက ပိုမိုက်ပါတယ်။ အပြုံးမရှိတဲ့ အချေပို့စ်ကို မိမိမိုက်မိုက်လေးရိုက်ပြီး Instagram Queen ဖြစ်လို့ရပါပြီ။
အကျႌအိတ်ထဲ လက်ထည့်တဲ့ပို့စ်
ဒီပို့စ်ကတော့ ဟိုးပဝေသဏီကတည်းက သုံးလာပြီး ဘယ်တော့မှ ရိုးမသွားတဲ့ ပို့စ်တွေဖြစ်ပါတယ်။ ဂျင်းဘောင်းဘီ ၊ ဒါမှမဟုတ် ဂျင်းအကျႌ အိတ်ကပ်တွေထဲကို လက်ထည့်ထားတဲ့ ပို့စ်ကတော့ အမြဲ ဆန်းနေတဲ့ ပို့စ်ပါပဲ။ အကျႌ ၊ ဘောင်းဘီသာမက ခါးပတ်ဝတ်ထားရင်လည်း လုပ်လို့ရပါတယ်။ ဒီပို့စ်ကတော့ အမြဲလန်းတဲ့ Street Style ပါပဲ။ Cuties ပုံစံလေးလည်း ရိုက်လို့ရပါတယ်။
ဆိုက်ကိုပို့စ်တွေ
ခုနောက်ပိုင်းခေတ်စားလာတဲ့ ပို့စ်တွေကတော့ ဆိုက်ကိုပို့စ်တွေပါပဲ။ အချေထက်ပိုတဲ့ Depression ပို့စ်တွေ ၊ ဆိုက်ကိုပို့စ်တွေကို ခုနောက်ပိုင်းကောင်မလေးတွေ တော်တော်ရိုက်လာကြပါတယ်။
ကင်မရာတည့်တည့် ကို စိုက်ကြည့်ပြီး ဆိုက်ကိုပုံရိုက်တာမျိုး ကင်မရာကို လုံးဝမကြည့်ဘဲ ဆိုက်ကိုပုံရိုက်တာမျိုး ဘယ်လိုပုံစံမျိုးဖြစ်ဖြစ် ဆိုက်ကိုပုံရိုက်ရတာက ဆွဲဆောင်မှုရှိရှိနဲ့ ခပ်မိုက်မိုက်ပုံလေး ရစေပါတယ်။
ကဲ..ဒါဆိုရင်တော့ Instagram မှာ ပုံလှလှလေးတွေ ရိုက်ဖို့ ရယ်ဒီဖြစ်ပြီထင်ပါတယ်။ အထက်ကပို့စ်လေးတွေရိုက်ရင်း ပုံမိုက်မိုက်လေးတွေတင်ကြမယ်နော်။