Facebook လုပ်ငန်းစုဟာ Instagram နဲ့ Messenger တို့ရဲ့ မက်ဆေ့ချ်လုပ်ဆောင်ချက်တွေကို Update သစ်မှာ စတင်ပေါင်းစည်းမှု လုပ်လာတယ်လို့ ဆိုပါတယ်။
Android နဲ့ iOS ထုတ်ကုန်သုံးစွဲသူတွေဟာ Instagram app ရဲ့ update သစ်မှာ Instagram နဲ့ Messenger လိုဂိုနှစ်ခု တွဲလျက်သား တက်လာပြီး အောက်မှာ "There's a New Way to Message on Instagram" လို့ တွေ့ရတယ်လို့ The Verge သတင်းက ဆိုပါတယ်။ Instagram မှာ စာပို့တဲ့ နည်းသစ်ရှိတယ်ဆိုတဲ့ သတင်းစကားအောက်မှာတော့ features သစ်တွေအကြောင်း ဖော်ပြထားပါတယ်။
Photo: The Verge
ဒီ features သစ်တွေထဲမှာ Facebook သုံးတဲ့ သူငယ်ချင်းနဲ့ စကားပြောနိုင်မယ်ဆိုတာလည်း ပါဝင်ပါတယ်။ Instagram update မှာ ညာဘက်အပေါ်ထောင့်က ပုံမှန် Direct Message icon နေရာမှာ Messenger logo ရောက်လာပါတယ်။ လောလောဆယ်မှာ Instagram ကနေ Facebook သုံးသူတွေကို စာပို့လို့တော့ မရသေးပါဘူး။
ပြီးခဲ့တဲ့နှစ်ကတည်းက Facebook ဟာ Messenger ၊ WhatsApp နဲ့ Instagram တို့အကြား အပြန်အလှန်ချိတ်ဆက်နိုင်ဖို့အတွက် စီစဉ်လာခဲ့တာပါ။ Facebook ပိုင် လူမှုကွန်ရက် သုံးခုကို တစ်ကမ္ဘာလုံးမှာ သုံးစွဲသူဦးရေဟာ ၃.၁၄ ဘီလျံဦးရေ ရှိပါတယ်။ Facebook ဟာ Web ပေါ်မှာ WhatsApp နဲ့ Messenger Rooms တို့ကို ပေါင်းစည်းထားပြီ ဖြစ်ပါတယ်။
Facebook ဟာ ၂၀၁၂ ခုနှစ်မှာ Instagram ကို ဒေါ်လာ ၁ ဘီလျံနဲ့ ဝယ်ယူခဲ့တာပါ။ WhatsApp ကိုတော့ ၂၀၁၄ ခုနှစ်မှာ ဒေါ်လာ ၁၉ ဘီလျံပေးပြီး ဝယ်ထားတာ ဖြစ်ပါတယ်။