Apple နဲ့Qualcomm တို့ပြန်လည်ပေါင်းထုတ်ကြပြီးနောက် Intel ဟာ စမတ်ဖုန်း modem လုပ်ငန်းကို ရောင်းချဖို့ရှိတယ်လို့ဆိုပါတယ်။
Photo: 9to5mac
Wall Street Journal မှာ ဖော်ပြချက်အရ Apple ဟာ ပြီးခဲ့တဲ့နွေကတည်းက Intel ဆီက modem လုပ်ငန်းတွေကို ဝယ်ဖို့စဉ်းစားနေတယ်လို့ဆိုပါတယ်။ iPhone မှာ သုံးထားတဲ့ Qualcomm chipset တွေရဲ့ လိုင်စင်ကြေး တိုးမြှင့် ကောက်ခံခဲ့ပြီးနောက် Apple ဟာ Qualcomm ကုမ္ပဏီကို လုပ်ငန်းကတိမတည်မှုနဲ့တရားစွဲခဲ့ပါတယ်။ ကမ္ဘာ့အကြီးဆုံး chip maker ဖြစ်တဲ့ Qualcomm နဲ့ပြဿနာတက်ပြီးနောက် Apple ဟာ 5G iPhone ထုတ်ဖို့ပြိုင်ဘက်တွေထက် နောက်ကျသွားခဲ့ပါတယ်။
နောက်ပိုင်းမှာ Intel ဆီက chipset တွေ မှာသုံးခဲ့ပေမယ့် Apple နဲ့Intel မှာလည်း ပြဿနာတစ်ချို့ရှိခဲ့ပါတယ်။ CTech ရဲ့ သတင်းမှာတော့ Apple ဟာ ၂၀၂၀ ထုတ် 5G iPhone တွေအတွက် 5G ၊ Wi-Fi နဲ့Bluetooth chip အစိတ်အပိုင်းတွေကို Intel ဆီက မမှာတော့ဘူးလို့ဆိုပါတယ်။ Sunny Peak လို့Intel က နာမည်ပေးထားတဲ့ ဒီ modem ထုတ်လုပ်မှုဟာ ချပ်စ်တစ်ခုတည်းနဲ့5G ၊ Wi-Fi နဲ့Bluetooth ဆက်သွယ်မှုတွေ ပါရမှာ ဖြစ်ပေမယ့် ၂၀၂၀ ထုတ် iPhone တွေမှာ ဒီ modem မျိုး မပါနိုင်တာကြောင့် Apple နဲ့Intel ဟာ ဆက်ဆံရေးတင်းမာခဲ့ပါတယ်။
Photo: businessinsider
မကြာသေးမီက Apple နဲ့Qualcommတို့ပြေအေးကြပြီးနောက် လိုင်စင်ကြေး ၆ နှစ်တာ သဘောတူညီမှုနဲ့နှစ်ပေါင်းများစွာ wireless chipset ရောင်းချဖို့သဘောတူညီခဲ့ပါတယ်။ Apple နဲ့Qualcomm ပြန် အဆင်ပြေတာကြောင့် Intel လည်း ဈေးကွက်က ထွက်သွားခဲ့ပြီး ဖုန်း modem စီးပွားရေးကိုလည်း ရောင်းထုတ်ဖို့စဉ်းစားလာတယ်လို့Wall Street Journal မှာ ဖော်ပြထားပါတယ်။ Intel ဟာ Goldman Sachs နဲ့ညှိနှိုင်းမှုတွေ လုပ်ဆောင်နေပြီး Apple ဘက်ကလည်း ဝယ်ယူဖို့စိတ်ဝင်စားနေတယ်လို့ဆိုပါတယ်။
Apple ဟာ ကိုယ်ပိုင် modem ထုတ်လုပ်ဖို့အတွက် Qualcomm ဆီက အင်ဂျင်နီယာတွေပါ ငှားထားတာကြောင့် Intel ရဲ့ modem စီးပွားရေးကို ဝယ်ဖို့ဆိုတာ နီးစပ်နေပါတယ်။ Intel ဟာ modem စီးပွားရေးကြောင့် နှစ်စဉ် ဒေါ်လာ ၁ ဘီလျံခန့်အရှုံးပေါ်နေပြီး တကယ်လို့ဒီလုပ်ငန်းကို ရောင်းချမယ်ဆိုရင်တော့ ကုမ္ပဏီရဲ့ ဝန်ထမ်းများ ၊ နည်းပညာမူပိုင်ခွင့်များနဲ့modem ဒီဇိုင်းများပါ ရောင်းချသွားမှာပါ။