သမ္မတ ထရမ့်ရဲ့ ညွှန်ကြားမှုထွက်လာပြီးနောက် Google ဟာ Huawei ရဲ့ အန်းဒရိုက်လိုင်စင်ကို ပြန်ရုပ်သိမ်းခဲ့သလို Intel နဲ့Qualcomm တို့ဟာလည်း Huawei နဲ့စီးပွားရေး လုပ်ဆောင်မှု ရပ်တန့်လိုက်ပါတယ်။
Bloomberg သတင်းမှာ ဖော်ပြချက်အရ အမေရိကန်ထိပ်တန်း ချပ်စ်ထုတ်လုပ်တဲ့ ကုမ္ပဏီကြီး သုံးခု ဖြစ်တဲ့ Intel ၊ Qualcomm နဲ့Broadcom တို့ဟာ Huawei နဲ့စီးပွားရေးအရ ဆက်ဆံမှု ဖြတ်တောက်ခဲ့သလို ကုမ္ပဏီရဲ့ ဝန်ထမ်းတွေကိုလည်း နောက်ထပ် ညွှန်ကြားချက်အသစ် ထပ်မထွက်ခင်အထိ Huawei အတွက် supply လုပ်မှု ရပ်နားထားကြောင်း အသိပေးထားတယ်လို့ဆိုပါတယ်။
Photo: Engadget
Huawei ဟာ လက်တော့ပ်ထုတ်ကုန်တွေအတွက် Intel ဆီက server chips နဲ့processor တွေ ဝယ်ယူနေရတာ ဖြစ်ပါတယ်။ Qualcomm ရဲ့ ပိတ်ပင်မှုကတော့ Huawei အတွက် ပြဿနာရယ်လို့ပြောလို့မရပါဘူး။ Huawei ဟာ စမတ်ဖုန်းအတွက် ကိုယ်ပိုင် mobile processor နဲ့modems တွေ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
Bloomberg သတင်းမှာပဲ Huawei ဟာ အမေရိကန်အစိုးရရဲ့ ပိတ်ပင်မှုကြောင့် US supplier တွေဆီကနေ ပစ္စည်း ဝယ်မရတာမျိုးကို ကြိုတွေးပြီး အနည်းဆုံး ၃ လကတည်းက chips အမြောက်အများ ဝယ်ထားခဲ့တယ်လို့ဆိုပါတယ်။ Nikkei စီးပွားရေး သတင်းစာမှာ Huawei ဟာ တစ်နှစ်ကို ဒေါ်လာ ၆၇ ဘီလျံဖိုး ပစ္စည်းအစိတ်အပိုင်းများ ဝယ်ယူနေတာပါ။ ပြီးခဲ့တဲ့နှစ်ကစပြီး Huawei အနေနဲ့ Android နဲ့Windows တွေကို အားကိုးစရာ မလိုတဲ့ ကိုယ်ပိုင် in-house နည်းပညာထုတ်ကုန်တွေ ထုတ်လုပ်နေခဲ့တယ်လို့သတင်း ထွက်ထားပါတယ်။
၂၀၁၈ ဧပြီလတုန်းက South China Morning Post ကနေ ဖော်ပြခဲ့တဲ့ သတင်းတစ်ခုမှာလည်း Huawei ဟာ Google ရဲ့ Android OS လိုမျိုး ကိုယ်ပိုင် OS တစ်ခုကို တည်ဆောက်ဖို့တစ်နှစ်ကြာ ပရောဂျက်တစ်ခု လုပ်ဆောင်ထားတယ်လို့ဖော်ပြခဲ့ပြီး ရစ်ချတ်ယုကလည်း ဒီအချက်ကို အတည်ပြုခဲ့ပါတယ်။ ဒီ OS ဟာ ဖုန်းနဲ့ကွန်ပျူတာ နှစ်မျိုးစလုံးမှာ သုံးမယ့် OS စနစ်လည်း ဖြစ်တယ်လို့ဆိုပါတယ်။
Photo: Slickdeals
Plan B အနေနဲ့ထုတ်လုပ်ထားပေမယ့် Huawei ဟာ Google နဲ့Microsoft တို့နဲ့လက်တွဲသွားဖို့ပိုပြီး ဆန္ဒရှိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ဒီ OS ကိုလည်း မဖြစ်မနေ အခြေအနေရောက်မှ သုံးဖို့လည်း ရည်ရွယ်ထားပြီး မိတ်ဘက်ကုမ္ပဏီတွေရဲ့ OS စနစ်တွေကို အပြည့်အဝ ပံ့ပိုးပေးမှာ ဖြစ်တယ်လို့လည်း ကုမ္ပဏီရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ယောက်မှ တစ်ဆင့် CNBC ကို အတည်ပြုခဲ့ပါတယ်။
အမေရိကန်အစိုးရဟာ Huawei အပြင် ZTE နဲ့အတူ မိတ်ဘက်ကုမ္ပဏီ ၇၀ နီးပါးကို စီးပွားရေး ပိတ်ပင်မှုများ လုပ်ဆောင်ထားပါတယ်။