ဧပြီနောက်ဆုံးပတ် ကြာသာပတေးနေ့တိုင်း နှစ်စဉ် ကျင်းပလာနေတဲ့ ICT ကဏ္ဍ နိုင်ငံတကာအမျိုးသမီးငယ်များနေ့ကို ရန်ကုန်နဲ့မန္တလေးမြို့တို့မှာ ဧပြီ ၂၅ ရက်နေ့က ကျင်းပသွားခဲ့ပါတယ်။
Photo: Duwun Tech
ကမ္ဘာမှာ ၂၀၁၂ ခုနှစ်က စတင် ကျင်းပလာခဲ့တဲ့ International Girls in ICT Day ကို မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့တာ ဖြစ်ပြီး မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ ရန်ကုန်မြို့MICT Park ထဲမှ Kanaung Hub မှာ ဦးဆောင် ကျင်းပခဲ့တာပါ။ မန္တလေးမှာတော့ မန္တလေး ICT Park မှာ မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်များအသင်းနဲ့ကျင်းပခဲ့တယ်လို့ဆိုပါတယ်။
" ICT ရဲ့ အရေးပါပုံနဲ့ဒီနယ်ပယ်မှာ Girls တွေအနေနဲ့ဘယ်လိုမျိုး opportunities တွေ ရှိတယ်။ နောက်ပြီး အိုင်တီလောကထဲမှာ ရှိနေတဲ့ အမျိုးသမီးတွေဆီက Inspire ရဖို့ဒီပွဲလေး လုပ်ဖြစ်တာပါ။" လို့မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်ဥက္ကဌ ဦးမင်းဇေယျာလှိုင်က ပြောပါတယ်။
ဒီပွဲမှာ အိုင်တီနည်းပညာ အထူးပြုနဲ့ကျောင်းတက်နေဆဲ ကျောင်းသူများကို ဦးစားပေး ဖိတ်ကြားခဲ့သလို Mobile App တစ်ခု ဘယ်လို ရေးဆွဲမယ်ဆိုရင် ဘယ်လိုလုပ်ဆောင်ရသလဲဆိုပြီး အဖွဲ့ငယ်များ ခွဲပြီး ဆွေးနွေးမှု လုပ်ဆောင်ခဲ့ပါတယ်။ ကျောင်းပိတ်ရက်ဖြစ်သလို အခမ်းအနားစီစဉ်ဖို့အချိန်သိပ်မရခဲ့တာကြောင့် ပွဲကို အမျိုးသမီးငယ် ၇၀ နီးပါးပဲ တက်ရောက်နိုင်ခဲ့တယ်လို့လည်း ဦးမင်းဇေယျာလှိုင်က ဆိုပါတယ်။
မြန်မာနိုင်ငံဟာ International Telecom Union မှာ အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး International Girls in ICT Day ကို ဒီနှစ်မှာ ပထမဆုံးအကြိမ် စတင်ကျင်းပဖြစ်တာလို့လည်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဒေါ်ချောခင်ခင်က ပြောပါတယ်။
" ဒီနေ့မှာာဆိုလို့ရှိရင် တစ်ကမ္ဘာလုံးမှာ International Girls in ICT Day ကို ကျင်းပတာပေါ့။ ကျွန်မတို့မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်ကနေ ဒီနှစ်မှာမှ ပထမဆုံးအကြိမ် ကျင်းပတာပါ" လို့ပြောပါတယ်။
သုံးနာရီကြာ ကျင်းပသွားတဲ့ ဒီပွဲကနေ နည်းပညာနယ်ပယ်ထဲ ဝင်ရောက်လာမယ့် အမျိုးသမီးငယ်များအတွက် နည်းပညာအိုင်ဒီယာတစ်ခု စနစ်တကျ စဉ်းစားတွေးခေါ်တတ်ဖို Ideation Section တစ်ခု လုပ်ဆောင်ခဲ့သလို စွန့်ဦးတီထွင် အမျိုးသမီးများနဲ့လည်း တွေ့ဆုံပေးတဲ့ အစီအစဉ်လည်း ပါဝင်ခဲ့ပါတယ်။