၂၀၂၂ မှာ Apple ကြောင့် စီးပွားရေးထိခိုက်နိုင်တဲ့ Facebook

Apple ရဲ့ အပြောင်းအလဲတစ်ခုဟာ Facebook အတွက်တော့ ဒေါ်လာဘီလျံ ဆယ်နဲ့ချီ ဆုံးရှုံးမှုဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ 


၂၀၂၁ စတုတ္ထသုံးလပတ်မှာ ပထမဆုံးအကြိမ် နေ့စဉ်သုံးစွဲသူဦးရေ ကျဆင်းမှုနဲ့ကြုံခဲ့တဲ့ Facebook ဟာ ဒီနှစ်ထဲမှာလည်း ဒေါ်လာ ၁၀ ဘီလျံ ဆုံးရှုံးနိုင်ခြေရှိတယ်လို့ ခန့်မှန်းထားကြောင်း CNBC သတင်းက ဖော်ပြထားပါတယ်။ ကြော်ငြာစီးပွားရေးကို အဓိကအားကိုးနေတဲ့ Facebook ဟာ Apple ရဲ့ App Tracking Transparency (ATT) Feature ကြောင့် ဝင်ငွေ ကျဆင်းနိုင်ခြေနဲ့ ကြုံနေတာပါ။



Photo: Screen Rant


ATT Feature ဟာ apps တွေအနေနဲ့ သုံးစွဲသူရဲ့ အပြုအမူကို ခြေရာခံမှု မလုပ်ခင် အရင်ဆုံး ခွင့်ပြုချက်တောင်းခံစေတဲ့ လုပ်ဆောင်ချက်ဖြစ်ပြီး Facebook အတွက် အထိနာတဲ့ စီးပွားရေးထိုးနှက်ချက်တစ်ခု ဖြစ်လာတာပါ။ iOS 14 မှာ ပါလာတဲ့ ဒီ Privacy Feature သစ် စပြီး ထွက်လာတဲ့ ပြီးခဲ့တဲ့နှစ် မေလကတည်းက Facebook ဟာ Apple ရဲ့ Privacy မူဝါဒသစ်ကို ဝေဖန်တိုက်ခိုက်ခဲ့သလို စီးပွားရေးထိခိုက်မှုတွေ ရှိလာမယ်လို့လည်း ပြောထားခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ်ထဲမှာလည်း Apple ရဲ့ Privacy Feature ကြောင့် လူမှုကွန်ရက်ကုမ္ပဏီရဲ့ ရောင်းအားဟာ ဒေါ်လာ ၁၀ ဘီလျံခန့်အထိ ကျဆင်းနိုင်တယ်လို့ Facebook မိခင်ကုမ္ပဏီ Meta ရဲ့ ဘဏ္ဍာရေးအမှုဆောင်အရာရှိချုပ် ဒေ့ဗ် ဝါ့နာက ဆိုပါတယ်။ 

“iOS သက်ရောက်မှုက ၂၀၂၂ ခုနှစ် ကျွန်တော်တို့ စီးပွားရေးအတွက် မရှောင်သာအောင် ကြုံနိုင်တဲ့ကိစ္စလို့ ယုံကြည်ထားပါတယ်။ ဒေါ်လာ ၁၀ ဘီလျံလောက်အထိ နစ်နာနိုင်ပါတယ်”လို့ ကုမ္ပဏီရဲ့ စတုတ္ထသုံးလပတ် ဝင်ငွေရလဒ် ရှင်းတမ်းမှာ ဝါ့ဒ်နာက ပြောပါတယ်။ 

Photo: The Star



Meta ဟာ နောက်ဆုံး သုံးလပတ်မှာ ဒေါ်လာ ၃၃.၆၇ ဘီလျံ ဝင်ခဲ့ပြီး ဈေးကွက်ခန့်မှန်းချက်တွေကို ကျော်လွန်ခဲ့ပေမယ့် ကုမ္ပဏီသက်တမ်း ၁၈ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် နေ့စဉ်အသုံးပြုသူဦးရေ ကျဆင်းမှုနဲ့ ကြုံတွေ့ခဲ့ရသလို ရှယ်ယာတန်ဖိုးလည်း ၂၅% အထိ ကျဆင်းသွားခဲ့ပါတယ်။ ၂၀၂၂ ပထမသုံးလပတ်အတွက် ဈေးကွက်ခန့်မှန်းသူတွေက Meta ရဲ့ ဝင်ငွေကို ဒေါ်လာ ဘီလျံ ၃၀ လို့ ခန့်မှန်းထားပေမယ့် ကုမ္ပဏီကတော့ ဒေါ်လာ ၂၇ ဘီလျံကနေ ၂၉ ဘီလျံအထိ ပဲ ဝင်ငွေရဖို့ မျှော်လင့်ထားတယ်လို့လည်း ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က