Apple Pencil ပါရှိပြီး မြန်မာငွေ ၆ သိန်းကျော်ဈေးကနေ စတင်ဝယ်ယူနိုင်မယ့် iPad Mini နဲ့ဒေါ်လာ ၅၀၀ တန် iPad Air သစ် ထွက်လာပြီ ဖြစ်ပါတယ်။
iPad Air (Photo: Cnet)
မတ်လ ၂၅ ရက်နေ့မှာ ပွဲတစ်ပွဲ ကျင်းပသွားမယ်လို့ဖိတ်စာပို့ထားတဲ့ Apple ဟာ မထင်မှတ်ဘဲ iPad သစ် နှစ်မျိုးကို ကြေညာလိုက်တာ ဖြစ်ပြီး နှစ်မျိုးစလုံးဟာ iPhone XS စီးရီးမှာ စတင်မိတ်ဆက်ထားတဲ့ Neural Engine ပါ A12 Bionic Processor သုံးလာတာ ဖြစ်ပါတယ်။ မျက်နှာပြင် ၇.၉ လက်မ iPad Mini သစ်ဟာ ၂၀၁၅ ကတည်းက မိတ်ဆက်ခဲ့တဲ့ iPad Mini 4 နေရာမှာ ဝင်ရောက်လာတဲ့ မော်ဒယ်ဖြစ်ပြီး ဒီဇိုင်းပိုင်းမှာလည်း သိပ်အပြောင်းအလဲ မရှိပါဘူး။
iPad သစ်တွေဟာ A12 processor သစ် သုံးလာတာက လွဲရင် FaceID မပါတာ ၊ Touch ID နည်းပညာပဲ သုံးလာတာက ထူးခြားပါတယ်။ dispaly ပိုင်းမှာ True Tone နည်းပညာပါတဲ့ အဆင့်မြင့် Retina display (2048 x 1536 pixel) နည်းပညာကို သုံးလာတာကြောင့် အရင် iPad တွေထက် ကာလာတောက်ပစုံလင်မှု ၂၅% ပိုများလာပါတယ်။ storage ကိုတော့ iPad နှစ်မျိုးစလုံးမှာ 64GB နဲ့256GB ဆိုပြီး နှစ်မျိုး ပါလာပြီး WiFi အပြင် Cellular support ပေးတဲ့ ဗားရှင်းလည်း ထွက်ထားပါတယ်။
iPad Mini (Photo: Apple)
iPad Mini နဲ့iPad Air သစ်တို့ဟာ 3.5mm headphone jack နဲ့Lightning Connector များ သုံးထားပြီး ကင်မရာ specs တွေလည်း တစ်ပုံစံတည်း ဖြစ်ပါတယ်။ iPad နှစ်မျိုးစလုံးဟာ 1080p ဗွီဒီယိုဖုန်းတွေ ရိုက်ကူးနိုင်မယ့် 8MP ကျောဘက်ကင်မရာ နဲ့FaceTime ရတဲ့ 7MP ရှေ့ကင်မရာတွေ ပါလာပါတယ်။ ကာလာအနေနဲ့space grey ၊ silver နဲ့gold ကာလာ ၃ ရောင်နဲ့ထွက်ထားပြီး Apple ရဲ့ ပထမမျိုးဆက် Apple Pencil support ပေးထားပါတယ်။
iPad နှစ်မျိုးမှာ eSIM support ပေးထားပြီး သြစတြေးလျ ၊ ဘယ်လ်ဂျီယံ ၊ စကာၤပူအပါအဝင် ဈေးကွက် ၂၇ ခုမှာ ဖြန့်ချိထားပြီး နောက်အပတ်မှာ ထိုင်းနဲ့တရုတ်အပါအဝင် ဈေးကွက် ၁၂ ခုမှာ ရောင်းချသွားမယ်လို့ဆိုပါတယ်။ ဈေးနှုန်းအနေနဲ့iPad Air ကို ၄၉၉ ဒေါ်လာ (မြန်မာငွေ ၇ သိန်း ၆ သောင်းခန့်) နဲ့iPad Mini ကို ၃၉၉ ဒေါ်လာ (မြန်မာငွေ ၆ သိန်းကျော်) ဈေးကနေ စတင်ရောင်းချသွားမှာ ဖြစ်ပြီး Apple Pencil ကိုတော့ ၉၉ ဒေါ်လာ (မြန်မာငွေ ၁ သိန်းခွဲခန့်) နဲ့ရောင်းချသွားမှာပါ။