သူတို့တွေ အားရပါးရစားတာမြင်ရတော့ ဝမ်းသာတယ်။

မျိုးမျိုးခိုင်ဟာ COVID-19 ကူးစက်မှုမပြန့်ပွားအောင် ကြိုးစားနေရတဲ့အချိန်မှာ မျောက်လေးတွေ၊ ခွေးလေးတွေကို အားရှိအောင် အစားအစာတွေ လှူခဲ့တဲ့အကြောင်း ပြောပြလာပါတယ်။


Photo: Myo Myo Khing



မျိုးမျိုးခိုင်ကတော့ COVID-19 ကာလမှာ လူတွေကိုယ်တိုင်ကလည်း စားဝတ်နေရေးအခက်အခဲဖြစ်နေသလို တိရစ္ဆာန်လေးတွေကလည်း သနားဖို့ကောင်းတယ်လို့ဆိုလာပါတယ်။ ဒါကြောင့် သူမဟာ ထီ(၅) သောင်းပေါက်ခဲ့တဲ့ ပိုက်ဆံကို မျောက်လေးတွေ၊ ခွေးလေးတွေရဲ့ အစာအဖြစ် လှူဒါန်းလိုက်တယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ အစ်မကတော့ အခုချိန်မှာ ခွေးလေးတွေကို တတ်နိုင်သလောက် ကျွေးတယ်။ ပြီးတော့ ဇာတ်ကား သွားရိုက်ရင် အမြဲအစာကျွေးနေကြ မျောက်လေးတွေရှိတယ်။ အဲဒီမှာရှိတဲ့ ဈေးသည်တစ်ယောက်က အစ်မကို ဖုန်းဆက်လာတယ် သူတို့ကို ဈေးမရောင်းခိုင်းတော့ဘူးဆိုပြီးတော့ စိတ်မကောင်းတဲ့ အကြောင်း ပြောတာပေါ့။ ဒီအချိန်မှာ မျောက်တွေက သားပေါက်တဲ့အချိန်ဆိုတော့ အစာငတ်တယ်လေ ကံကောင်းချင်တော့ ကိုယ်လည်း ထီ ၅ သောင်းဖိုးပေါက်တော့ မျောက်စာလှူလိုက်တယ်။ အလုအယက်စားနေကြတာ မြင်တော့လည်း ပီတိဖြစ်ရတယ်၊ ပြီးတော့ ကိုယ်တွေဆို အိမ်မှာနေရင်း အဝစားနေရတာ သူတို့လေးတွေကိုလည်း စားစေ ချင်တယ် ” လို့ သူကဆိုပါတယ်။ 

Photo: Myo Myo Khing

သူမကို အနုပညာညီအစ်ကိုမောင်နှမတွေက ချစ်စနိုးနဲ့ ခွေးမေမေ၊ ကြောင်မေမေ စသည်ဖြင့် စနောက် ခေါ်ဝေါ်လေ့ရှိတယ်လို့လည်း မျိုးမျိုးခိုင်က ပြောပါတယ်။ သူမအနေနဲ့ တိရစ္ဆာန်လေးတွေကို လှောင်အိမ်ထဲမှာ ထည့်ထားတာမျိုးကိုလည်း မနှစ်သက်ဘူးလို့ ဆိုပါတယ်။ 

“ တိရစ္ဆာန်လေးတွေကို လှောင်ချိုင့်ထဲမှာ ထားရင် တကယ်ကို စိတ်မကောင်းဖြစ်ရတယ်။ အစ်မ အစာသွားကျွေးနေကြဆိုင်လေး တစ်ဆိုင်ရှိတယ် အဲဒီမှာ ကြောင်လေးတွေကို လှောင်အိမ်ထဲ ထည့်ထားပြီး ရောင်းတာပေါ့။ လှောင်အိမ်ထဲမှာ ကလေးတွေက အော်နေတော့ ကိုယ်လည်း သနားပြီး ဝယ်လိုက်ရော။ အိမ်မှာဆို ပိုက်ဆံပေးပြီး ဝယ်ထားတဲ့ ကြောင်လေးတွေ အများကြီးပဲ။ သူတို့တွေ လှောင်အိမ်ထဲမှာ နှစ်ရှည်လများနေလာတာ ဘယ်လောက်ခံစားရမလဲတွေးမိတယ်။ အခု ဝဋ်က ချက်ချင်းလည်တာ ကိုယ်တွေလည်း အိမ်ပြင်မထွက်ရတော့ဘူး” ဆိုပြီးတော့ ဧပြီလ ၄ ရက်နေ့က မေတ္တာသိင်္ဂဟ အလှူကို ရောက်လာရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Myo Myo Khing

မျိုးမျိုးခိုင်ကိုတော့ ဟာသသရုပ်ဆောင်တစ်ယောက်အဖြစ် ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ အားပေးခဲ့ကြတာပါ။ ပေးလာတဲ့ ဇာတ်ကောင်ကာရိုက်တာကိုလည်း ပီပြင်အောင်သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ အချစ်ကို ဆယ်စုနှစ်ကျော် အထိ ပိုင်ဆိုင်ထားနိုင်တဲ့ ဟာသသရုပ်ဆောင်တစ်ယောက်ဆိုလည်း မမှားပါဘူး။




ဆက်စပ်အကြောင်းအရာများ

Share

က္က