ကုမ္ပဏီရဲ့ နောက်ဆုံးပေါ် iPhone သစ်တွေ မိတ်ဆက်ပြီး နောက်တစ်နေ့မှာ Apple စတော့ရှယ်ယာ ထိုးတက်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် သြဂုတ်လထဲမှာ Apple ဟာ ပထမဆုံးအကြိမ် ဒေါ်လာ ၁ ထရီလီယံတန် ကုမ္ပဏီ ဖြစ်လာခဲ့ပေမယ့် ဒီဇင်ဘာနဲ့ဇန်နဝါရီလတွေမှာ တရုတ်ဈေးကွက် iPhone ရောင်းအားကျဆင်းခဲ့ပါတယ်။ ၂၀၁၉ ပထမ သုံးလပတ်မှာ ဝင်ငွေ ဒေါ်လာ ၉၃ ဘီလျံအထိ ရဖို့မျှော်မှန်းခဲ့တဲ့ Appleဟာ ခန့်မှန်းဝင်ငွေ ဒေါ်လာ ၈၄ ဘီလျံပဲ ဝင်ခဲ့တာကြောင့် ဒေါ်လာ ၉ ဘီလျံနီးပါး လက်လွတ်ခဲ့ရပါတယ်။
Photo: standard
စက်တင်ဘာ ၁၀ ရက်နေ့ကူပါတီနိုမှာ iPhone 11 သစ် သုံးမျိုးနဲ့မျိုးဆက်သစ် Apple Watch Series 5 တို့ကို ကြေညာခဲ့ပြီးနောက် Apple ရဲ့ ရှယ်ယာဟာ စက်တင်ဘာ ၁၁ ရက်နေ့မှာ ၂၂၃.၅၉ ဒေါ်လာ နဲ့၂.၆% ကျော် တက်လာခဲ့တယ်လို့Market Watch က ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်နေ့ကအထိ စာရင်းတွေအရ Apple ဟာ ရှယ်ယာဝေစုပေါင်း ၄.၅၂ ဘီလျံထိ ရှိခဲ့တာနဲ့တွက်ကြည့်မယ်ဆိုရင် Apple ရဲ့ ဈေးကွက်တန်ဖိုးဟာ ဒေါ်လာ ၁.၀၀၄ ထရီလီယံ ဖြစ်လာတာပါ။
Apple ရဲ့ ဈေးကွက်တန်ဖိုး ဒေါ်လာ ၁ ထရီလီယံနဲ့အထက် ရောက်ခဲ့တဲ့ နောက်ဆုံးအကြိမ်ဟာ ၂၀၁၈ နိုဝင်ဘာ ၁ ရက်နေ့ဖြစ်လို့၁၀ လအတွင်း နောက်တစ်ကြိမ် ဈေးကွက်တန်ဖိုး ဒေါ်လာ ၁ ထရီလီယံကျော်သွားတာလို့ဆိုရမှာပါ။ ဈေးကွက်တန်ဖိုး အရ ကြည့်မယ်ဆိုရင် Apple ဟာ အမေရိကရဲ့ ဒုတိယတန်ဖိုးအကြီးဆုံး ကုမ္ပဏီ ဖြစ်ပါတယ်။
Photo: NY Times
ဘီလ်ဂိတ်စ် တည်ထောင်ထားတဲ့ Microsoft Corp ဟာ ဈေးကွက်တန်ဖိုး ၁.၀၃၅ ထရီလီယံနဲ့အမေရိကရဲ့ တန်ဖိုးအကြီးဆုံး ကုမ္ပဏီ ဖြစ်ပြီး တတိယနေရာမှာ Amazon က ဒေါ်လာ ၉၀၄.၇ ဘီလျံနဲ့ရှိနေပါတယ်။ Apple ဟာ ဒီနှစ်ထွက်တဲ့ ဖုန်းတွေမှာ ကင်မရာဆန်းသစ်မှုများ ပြုလုပ်ထားပြီး ဈေးနှုန်းကိုလည်း ချပေးခဲ့ပေမယ့် တစ်ခြား ပြိုင်ဘက်စမတ်ဖုန်းကုမ္ပဏီတွေလိုတော့ 5G ရတဲ့ iPhone မထုတ်နိုင်သေးပါဘူး။