iPhone 12 ဝယ်သူတိုင်းကို ယွမ် ၁၀၀ လျော်ပေးဖို့ တောင်းဆိုထားပါတယ်

၂၀၂၀ ထွက် iPhone 12 တွေမှာ charger မပါတဲ့ကိစ္စကြောင့် Apple လည်း တရားစွဲခံရ ၊ ဒဏ်ရိုက်ခံရနဲ့ ပြဿနာတက်နေပါတယ်။

ပြီးခဲ့တဲ့နှစ်ကစပြီး iPhone သစ်တွေရဲ့ ဗူးထဲမှာ chargers ထည့်မပေးဖို့ ဆုံးဖြတ်လိုက်ပြီးနောက် Apple ဟာ ဘရာဇီးမှာ ဒေါ်လာသန်းနဲ့ချီ ဒဏ်ရိုက်ခံခဲ့ရပါတယ်။ အခု နောက်ထွက်တဲ့ iPhone 13 စီးရီးကိုလည်း ဘရာဇီးစားသုံးသူရေးရာဌာနက ဒေါ်လာ ၁.၉ သန်း ဒဏ်ရိုက်ထားပါတယ်။ ဒီတစ်ခေါက်မှာတော့ တရုတ်နိုင်ငံ ဒေါင်ဟွာတက္ကသိုလ်နဲ့ ဘေဂျင်းဓါတုနည်းပညာတက္ကသိုလ်က ကျောင်းသား ၅ ဦးက Apple ကို တရားစွဲလိုက်တာ ဖြစ်ပါတယ်။ 



Photo: 9to5 Mac


Shanghai Rule Of Law Daily သတင်းအရ အမှုကို ဘေဂျင်း အင်တာနက်တရားရုံး အီလက်ထရွန်းနစ်တရားစီရင်မှုပလက်ဖောင်းပေါ်မှာ အွန်လိုင်းကနေ ကြားနာမှုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ကျောင်းသားတွေနဲ့ Apple နှစ်ဖက် အထောက်အထားတွေနဲ့ နှစ်နာရီကြာ တရားရေးကြားနာမှုအပြီးမှာ အထောက်အကူပြု သက်သေခံနဲ့ ရေးထားတဲ့ စာရွက်စာတမ်းတွေ တရားရုံးဘက်က ယူထားလိုက်တယ်လို့လည်း သိရပါတယ်။ 

Apple ကို တရားစွဲထားတဲ့ XiaoFang ဆိုတဲ့ ကျောင်းသားတစ်ယောက်ကတော့ iPhone 12 Pro Max ဝယ်ပြီးနောက် အခုလို တရားစွဲလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ iPhone 12 စီးရီးဟာ Apple ရဲ့ ပထမဆုံး charger မပါတဲ့ ထုတ်ကုန်ဖြစ်ပြီး XiaoFang ကတော့ Apple အနေနဲ့ charger ထည့်ပေးလာဖို့ စွဲဆိုလိုက်တာပါ။ Apple အနေနဲ့ သူမကို တရားရေးစရိတ် အပြင် iPhone 12 ဝယ်သူ တစ်ဦးချင်းကို ယွမ် ၁၀၀ (မြန်မာငွေ ၃ သောင်းခန့်) ပေးဖို့လည်း တောင်းဆိုထားပါတယ်။ 

"Apple ဟာ ဖောက်သည်တွေရဲ့ တရားရေးဆိုင်ရာ ရပိုင်ခွင့်နဲ့ အကျိုးစီးပွားကို အလေးအနက်ချိုးဖောက်မှု လုပ်ခဲ့တယ်။"လို့ အွန်လိုင်းကြားနာမှုမှာ သူမက ပြောခဲ့ပါတယ်။ "ဖောက်သည်အများစုနဲ့ Apple ဝန်ထမ်းတွေတောင် ဒီလို လုပ်တာကို ဇဝေဇဝါဖြစ်ရ ဒေါသထွက်ရပါတယ်။ အများစုကတော့ ဘာမှမပြောဘဲ နေကြတယ်။"


Photo: PCMag

Apple ဘက်ကတော့ iPhone 12 Pro Max ဗူးထဲမှာ Charger မပါဘူးဆိုတာကို ရှင်းအောင် ပြောပြီးသား ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။ ကုမ္ပဏီအနေနဲ့ ကာဗွန်စွန့်ပစ်မှု လျှော့ချဖို့ အခုလို Charger ထည့်သွင်းမှု မလုပ်တာ ဖြစ်တယ်လို့လည်း ခုခံပြောဆိုထားပါတယ်။ Apple ဟာ ကုန်ကြမ်းသုံးစွဲမှု လျှော့ချဖို့နဲ့ ကာဗွန်စွန့်ပစ်မှု နည်းပါးစေဖို့ဆိုပြီး iPhone တွေမှာ charger နဲ့ EarPods တွေ ထည့်မပေးတော့ပါဘူး။

ဒါပေမယ့်လည်း မကြာသေးခင်ကပဲ မြန်မာငွေ ၃ သိန်းခွဲတန် AirPods သစ်တွေ မိတ်ဆက်ခဲ့သလို 20W USB-C power adapter နဲ့ MagSafe Charger တွေလည်း ရောင်းချနေပါတယ်။ တစ်နည်းအားဖြင့် iPhone 12 နဲ့ နောက်ထွက် iPhone ဝယ်သူတွေဟာ USB-C နဲ့ compatible ဖြစ်မယ့် charger ဒါမှမဟုတ် MagSafe Charger တစ်ခုခု ဝယ်ဖို့ လိုမှာ ဖြစ်ပါတယ်။ iPhone 12 မှာ charger မပါတဲ့ကိစ္စ တရားစွဲမှုဟာ အသစ်ထွက်ထားတဲ့ iPhone 13စီးရီးအထိပါ ပြဿနာရှိနိုင်ပါတယ်။ 

Share

က္က