4G နဲ့ 5G မရတဲ့ ဒေသတွေမှာ ဖုန်းခေါ်တာ ၊ စာပို့တာ လုပ်နိုင်မှာပါ။

ဆယ်လူလာကွန်ရက်မရှိတဲ့နေရာတွေမှာလည်း စာပို့နိုင် ၊ ဖုန်းခေါ်ဆိုမှုတွေ လုပ်နိုင်မယ့် နည်းပညာကို iPhone 13 မှာ သုံးလာဖို့ ရှိတယ်လို့ နာမည်ကြီး iPhone သတင်းသုံးသပ်သူတစ်ဦးက ဆိုပါတယ်။

           Apple analyst တစ်ဦးဖြစ်တဲ့ မင်ချိကုအိုရဲ့ မှတ်ချက်ကို ကိုးကားပြီး iPhone 13 ဖုန်းသစ်တွေမှာ ဂြိုလ်တုနဲ့ ဆက်သွယ်နိုင်တဲ့ နည်းပညာသုံးသွားမယ်လို့ MacRumors သတင်းက ဆိုပါတယ်။ iPhone 13 မှာ Low Earth Orbit (LEO) ဂြိုလ်တုဆက်သွယ်ရေး ချိတ်ဆက်မှုစနစ်ပါလာမယ်လို့ မင်ချိကုအိုက ပြောပါတယ်။ ဒီနည်းပညာကြောင့် 4G နဲ့ 5G မရတဲ့ ဒေသတွေမှာ ဖုန်းခေါ်တာ ၊ စာပို့တာ လုပ်နိုင်မှာပါ။




Photo: macrumors

           iPhone 13 မော်ဒယ်တွေမှာ LEO satellite ဂြိုလ်တုတွေနဲ့ ချိတ်ဆက်နိုင်မယ့် hardware တပ်ဆင်သွားမှာ ဖြစ်‌ပြီး ဒီထုတ်ကုန်ဟာ ဂြိုလ်တုဆက်သွယ်ရေးပံ့ပိုးမှုပေးမယ့် custom Qualcomm X60 baseband chip ဖြစ်ဖို့ ရှိတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ တခြားစမတ်ဖုန်း brands တွေအနေနဲ့ ဂြိုလ်တုဆက်သွယ်ရေး လုပ်ဆောင်ချက် သုံးနိုင်မယ့် X65 baseband chip ကို သုံးနိုင်ဖို့ ၂၀၂၂ ခုနှစ်အထိ စောင့်ဆိုင်းရဖို့ ရှိပါတယ်။

           နာမည်ကြီး SpaceX အာကာသလုပ်ငန်းပိုင် Starlink ဟာ LEO အင်တာနက်ချိတ်ဆက်မှု ပံ့ပိုးနေပေမယ့် Apple နဲ့ လက်တွဲပြီး နည်းပညာနဲ့ ဝန်ဆောင်မှုပေးသွားဖို့ အလားအလာအရှိဆုံး LEO ဂြိုလ်တုဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီဟာ Globalstar ဆိုတဲ့ ကုမ္ပဏီ ဖြစ်ဖို့ များနေပါတယ်။ Qualcomm ကုမ္ပဏီအနေနဲ့ နောက်ပိုင်းလာမယ့် X65 baseband chip မှာ ပါမယ့် n53 band တွေ ထုတ်ဖို့ Globalstar နဲ့ ပူးပေါင်းနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

           iPhone 13 မှာ သုံးမယ့် ဂြိုလ်တုဆက်သွယ်ရေးနည်းပညာဟာ iMessage နဲ့ FaceTime လိုမျိုး Apple Services တွေပဲ သုံးနိုင်မလား ဒါမှမဟုတ် ပုံမှန်ဆဲလ်တာဝါတွေနဲ့ ဆက်သွယ်နိုင်ဖို့ ဂြိုလ်တုဆက်သွယ်ရေးနည်းပညာကို ကြားခံအဖြစ် သုံးမလား မသိရသေးပါဘူး။ နောက်တစ်ချက်အနေနဲ့ ဂြိုလ်တုလုပ်ဆောင်ချက် features တွေကို GPS လိုမျိုး အလကားပေးသွားမလား ၊ သီးသန့် အသုံးပြုကြေး ပေးရဦးမလားဆိုတာလည်း မသိရသေးပါဘူး။


Photo: 9to5mac


           Apple ရဲ့ iPhone သစ်တွေကို လာမယ့်စက်တင်ဘာလထဲမှာ မိတ်ဆက်သွားမယ်လို့ ခန့်မှန်းထားပြီး လက်ရှိအချိန်အထိတော့ တရားဝင်မိတ်ဆက်မယ့်ရက် ထွက်မလာသေးပါဘူး။ စက်တင်ဘာ ၁၄ ရက်နေ့ မိတ်ဆက်မယ်ဆိုတဲ့ သတင်းကလည်း စောင့်ကြည့်ရဦးမှာပါ။ သတင်းတွေအရ iPhone 13 ဖုန်းသစ်တွေဟာ ပိုသေးတဲ့ notch ဒီဇိုင်း ၊ ပိုကြီးလာတဲ့ ကင်မရာ bump နဲ့ ပန်းရောင် ၊ matte black ၊ ကြေးဝါရောင်ရွှေကာလာတွေနဲ့လည်း ထွက်လာဖို့ ရှိပါတယ်။

           မင်ချိကုအိုရဲ့ ခန့်မှန်းချက်အရ LEO ဂြိုလ်တုဆက်သွယ်ရေးနည်းပညာကို နောင်လာမယ့် Apple AR headset ၊ Apple Car နဲ့ တခြား IoT ထုတ်ကုန်တွေမှာ သုံးလာနိုင်တယ်လို့ ဆိုပါတယ်။

Share

Loading Next Article...
က္က