တရားဝင်မိတ်ဆက်မယ့်ရက် မထွက်သေးပေမယ့် Apple ရဲ့ iPhone သစ်မှာ စိတ်ဝင်စားစရာ features တွေ ပါလာမယ်လို့ သတင်းတွေ ကြားနေရပြီ ဖြစ်ပါတယ်။
ကယ်လိုဖိုးနီးယားပြည်နယ် ရုံးချုပ်မှာ စက်တင်ဘာလလယ်လောက် iPhone သစ် Launch လုပ်သွားမှာ ဖြစ်ပြီး ဒီတစ်ခေါက်မျိုးဆက်မှာ အခုပြောမယ့် အပြောင်းအလဲတွေ ပါမယ်လို့ ယူဆနေကြပါတယ်။
(၁) ပိုသေးလာတဲ့ Norch
Photo: Business Insider
Apple TV ရဲ့ သီးသန့်ရှိုးတစ်ခုဖြစ်တဲ့ Ted Lasso ဇာတ်ဝင်ခန်းတစ်နေရာမှာ Notch-Less ဒီဇိုင်းနဲ့ iPhone တစ်လုံးရဲ့ပုံ ထွက်လာခဲ့ပါတယ်။ Notch အရွယ်အစား သိသိသာသာ သေးထားတာပါ။ iPhone 13 မှာ Notch လုံးဝ မသုံးဘူးဆိုတဲ့ ယူဆချက်တွေလည်း ရှိပါတယ်။
Notch ကို လုံးဝ ဖျောက်ဖို့ကတော့ ဖြစ်နိုင်ခြေနည်းပါတယ်။ iPhone X ကနေ စပြီး Apple ဟာ နောက်ပိုင်းထွက် iPhone တွေမှာ ရှေ့ကင်မရာနဲ့ မျက်နှာပြင်ဖတ်စနစ် Face ID Login ဝင်ဖို့အတွက် notch အိမ်သုံးလာတာပါ။ တကယ်လို့ Notch သာ ဖျောက်လိုက်မယ်ဆိုရင် ကင်မရာကို Screen နောက်မှာ ထားတာ ဒါမှမဟုတ် ကင်မရာအိမ်ကို circular cutout အသေးနဲ့ ထည့်တာမျိုး လုပ်ရမှာပါ။
(၂) အရေးပေါ်အခြေအနေအတွက် ဂြိုလ်တုဆက်သွယ်မှု
Photo: wccftech
iPhone သစ်တွေမှာ ထူးခြားတဲ့ အရေးပေါ်ဆက်သွယ်ရေးစနစ် ပါမယ်လို့ သတင်းတွေ ပြေးနေပါတယ်။ iPhone 13 မှာ LOE (Low-Earth Orbit) ဂြိုလ်တုဆက်သွယ်ရေးနည်းပညာ သုံးလာမယ်လို့ နာမည်ကြီး Apple Analyst ဖြစ်သူ မင်ချိကုအိုက ပြောထားတာပါ။ ဒီ feature ဟာ ဖုန်းလိုင်းမမိတဲ့နေရာတွေမှာ ဂြိုလ်တုနဲ့ချိတ်ဆက်ပြီး ဖုန်းခေါ်တာ ၊ မက်ဆေ့ပို့တာမျိုး လုပ်နိုင်မှာပါ။
တခြားသတင်းတစ်ပုဒ်မှာတော့ ၂၀၂၂ ခုနှစ်အထိ ဒီ လုပ်ဆောင်ချက်ကို iPhone တွေမှာ အဆင်သင့်သုံးနိုင်ဦးမျာ မဟုတ်ဘူးလို့ ဆိုပါတယ်။ Gizmochina သတင်းမှာတော့ iPhone သစ်တွေမှာပါမယ့် ဂြိုလ်တုဆက်သွယ်ရေးနည်းပညာကို နိုင်ငံအနည်းငယ်မှာပဲ သုံးနိုင်မှာ ဖြစ်တယ်လို့ ပြောထားပါတယ်။
(၃) ပိုကောင်းလာမယ့် ကင်မရာနဲ့ chip
Photo: Business Insider
စိတ်ချရတဲ့သတင်းအရင်းအမြစ်တွေရဲ့ အဆိုအရ iPhone မော်ဒယ်သစ်တွေဟာ ကင်မရာနဲ့ chip ပိုင်းမှာ ပိုတိုးတက်လာမယ်လို့ ဆိုပါတယ်။ iPhone 13 မော်ဒယ်တွေဟာ A15 Bionic chip နဲ့ လာပြီး အရင် A14 Bionic တွေထက် powerful ပိုဖြစ်လာမှာပါ။ ကင်မရာပိုင်းမှာ iPhone 13 သစ်တိုင်းဟာ Ultrawide ကင်မရာအဆင့်မြှင့်တင်မှုနဲ့ လာပြီး မျက်နှာတွေ အနီးကပ်ဆွဲရိုက်တာ ၊ နေဝင်ချိန်ရှုခင်းတွေ ဓါတ်ဖမ်းရာမှာ ပိုပြီးလန်းလာဖို့ ရှိပါတယ်။
တခြား features တွေအနေနဲ့ မျှော်လင့်နေကြတာကတော့ 120Hz refresh rate နဲ့ အကြီးစား ဘက်ထရီပါဝါတို့ပါပဲ။ iPhone 13 မှာ ဘယ်လိုအသစ်တွေ မြင်ရမလဲဆိုတာကတော့ ပွဲကြီးနေ့ကို စောင့်ကြည့်ရမှာပါ။