Apple ဟာ ဒေါ်လာ ၁၀၀၀ ဝန်းကျင်တန် Rugged Version စမတ်နာရီသစ်ကို ဒီနှစ်ထဲ မိတ်ဆက်သွားမယ်လို့ သတင်းထွက်နေပါတယ်။
Apple ရဲ့ မျိုးဆက်သစ် Apple Watch နာရီတွေကို iPhone 14 စီးရီး စမတ်ဖုန်းသစ်တွေနဲ့အတူ လာမယ့် စက်တင်ဘာလထဲ ကြေညာဖို့ ရှိပါတယ်။ Apple ရဲ့ iPhone 14 စမတ်ဖုန်းသစ်ဟာ လက်ရှိထွက်ထားတဲ့ iPhone 13 မော်ဒယ်တွေထက် ဒေါ်လာ ၁၀၀ (မြန်မာငွေ ၂ သိန်းခန့် ) ဈေးပိုမြောက်မယ်လို့လည်း သတင်းထွက်နေပါတယ်။ သတင်းတွေအရဆို iPhone 14 မော်ဒယ် (128GB ဗားရှင်း) ကို ၈၉၉ ဒေါ်လာ ၊ Pro မော်ဒယ်ကို ၁၀၉၉ ဒေါ်လာ နဲ့ Pro Max မော်ဒယ်ကို ၁၁၉၉ ဒေါ်လာဈေးတွေ သတ်မှတ်သွားဖို့ ရှိပါတယ်။
Apple Watch စီးရီးသစ်မှာ Watch Series 8 ၊ Watch SE တို့နဲ့အတူ Rugged Version စမတ်ဖုန်းကိုလည်း မိတ်ဆက်မယ်လို့ ခန့်မှန်းထားပါတယ်။ Bloomberg သတင်းထောက် မာ့ခ်ဂါးမန်းရဲ့ Power On သတင်းလွှာမှာ အသစ်ထွက်လာနိုင်တဲ့ Apple Watch Pro Rugged Edition ရဲ့ ဈေးနှုန်းအကြောင်း ဖော်ပြထားပါတယ်။ Rugged Version သစ် Apple Watch ကို ၉၉၉ ဒေါ်လာဝန်းကျင် ၉၉၉ ဒေါ်လာဈေးနဲ့ ရောင်းချသွားဖို့ ရှိတယ်လို့ သတင်းက ဆိုပါတယ်။ ဒီဈေးအရဆို Apple Watch Pro မော်ဒယ်ဟာ iPhone 13 Pro ဈေးနဲ့ အတူတူလောက် ပေါက်မှာပါ။
Apple ဟာ လက်ရှိမှာ ၈၄၉ ဒေါ်လာတန် Watch Edition ကို မိတ်ဆက်ထားပြီး Apple Watch Pro Rugged Version ထွက်လာရင်တော့ ဒီ Edition ကို အနားပေးသွားဖို့ ရှိပါတယ်။ လောလောဆယ် ကြားထားရတဲ့ သတင်းတွေအရဆို Apple Watch Rugged Version ဟာ ၂ လက်မ Display ၊ 46mm သို့မဟုတ် 47mm နာရီအိုးနဲ့ လာမယ်လို့ ဆိုပါတယ်။ Display အရွယ်အစားအရ ၁.၉ လက်မ ရှိမယ်လို့ သတင်းထွက်နေတဲ့ Watch Series 8 ထက် ၇% ပိုကြီးမှာ ဖြစ်ပါတယ်။
မှန်ကွဲဒဏ် ခံနိုင်တဲ့ Shatter-Proof Display ဟာ Screen ရုပ်ထွက် 410 x 502 pixels ပါရှိပြီး နောက်ဆုံးထွက် watchOS 9 OS နဲ့ လာမှာပါ။ Workout Tracking ခြေရာခံမှုနဲ့ တခြား System အဆင့်မြှင့်တင်မှုတွေလည်း ထည့်သွင်းလာဖို့ ရှိပါတယ်။ Apple ရဲ့ ပြိုင်ဘက် Samsung ကလည်း နီလာ Display ၊ ပိုကြီးတဲ့ ဘက်ထရီပါဝါ ၊ တိုက်တေနီယမ်ဘော်ဒီနဲ့ အပူချိန်တိုင်း Sensor တစ်ခုပါဝင်တဲ့ အဆင့်မြင့် High-End စမတ်နာရီတစ်ခု ထုတ်လုပ်နေတယ်လို့ ဆိုပါတယ်။
ကမ္ဘာ့ထိပ်တန်း စမတ်နာရီကုမ္ပဏီနှစ်ခုရဲ့ အကောင်းဆုံးထုတ်ကုန်သစ်တွေကို ဈေးကွက်က ဘယ်လို တုံ့ပြန်ကြမလဲ ကြည့်ရဦးမှာပါ။