R&D စရိတ်ထည့်တွက်မထားပါဘူး

ဈေးနှုန်းအပြောင်းအလဲ မရှိခဲ့ပေမယ့် iPhone 13 Pro ထုတ်လုပ်ဖို့ ကုန်ကျစရိတ်ဟာ အရင်နှစ် iPhone 12 Pro ထက်စာရင် ဒေါ်လာ ၂၀ ဝန်းကျင် ပိုများတယ်လို့ ဆိုပါတယ်။

           iPhone 13 Pro မော်ဒယ်သစ်ကို တစ်စစီဖြုတ်ပြီး ကုန်ကျစရိတ်ဆန်းစစ်ခဲ့တဲ့ TechInsights သတင်းမှာ ဖော်ပြခဲ့တာပါ။ iPhone 13 Pro မော်ဒယ်မှာ သုံးတဲ့ ကင်မရာ ၊ A15 Bionic chip ၊ ProMotion display နဲ့ ပိုကြီးလာတယ်လို့ ယူဆရတဲ့ ဘက်ထရီတွေရဲ့ စရိတ်ကြောင့် iPhone သစ်ရဲ့ တစ်လုံးချင်း ထုတ်လုပ်မှုစရိတ်ဟာ ဒေါ်လာ ၅၇၀ ကျသင့်တယ်လို့ တွက်ချက်ခဲ့တာပါ။






           iPhone 12 Pro အတွက် ထုတ်လုပ်ရေးစရိတ်ဟာ ၅၄၈.၅၀ ဒေါ်လာပဲ ရှိခဲ့တာနဲ့ နှိုင်းစာရင် ဒေါ်လာ ၂၀ ကျော်ပိုများတယ်လို့ ဆိုနိုင်ပါတယ်။ Apple ရဲ့ ပြိုင်ဘက် Samsung Galaxy S21+ ဆိုရင် ကုန်ကျစရိတ် တစ်လုံးကို ၅၀၈ ဒေါ်လာဝန်းကျင်ပဲ ကျသင့်တာ ဖြစ်လို့ iPhone 13 Pro ထက် ဒေါ်လာ ၆၀ ကျော် ပိုနည်းနေတာပါ။ နှစ်ဆန်းပိုင်းမှာ ထွက်ခဲ့တဲ့ Galaxy S21+ 5G (128GB) မော်ဒယ်ကိုလည်း ၉၉၉ ဒေါ်လာနဲ့ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။

           Apple ဟာ iPhone 12 စီးရီးမှာ ပထမဆုံး 5G support ပေးလာသလို အရင် iPhone 4s စတိုင် Flat Edge ဘောင်နဲ့ 5nm chips သစ်တွေ သုံးပြီး Redesigned လုပ်ခဲ့ပါတယ်။ ဒီအပြောင်းအလဲတွေကြောင့်ပဲ iPhone 12 တစ်လုံးအတွက် စရိတ်ဟာ iPhone 11 ထက် ၂၁% ပိုများခဲ့တယ်လို့ ဆိုပါတယ်။ iPhone 13 နဲ့ iPhone 13 Pro တွေ ဖြန့်ချိဖို့ လုပ်နေချိန်မှာ chip ထုတ်လုပ်ရေးစရိတ်တွေ တက်ကုန်တာကြောင့် iPhone 13 ဈေး ပိုကြီးမယ်လို့ ယူဆခဲ့ကြပေမယ့် Apple ဟာ အရင် iPhone 12 Lineup နဲ့ တစ်ပုံစံတည်း ဈေးတူထား သတ်မှတ်ခဲ့တာပါ။

           ၂၀၂၁ ထုတ် iPhone 13 Pro မော်ဒယ်ဟာ iPhone 12 Pro လိုပဲ ၉၉၉ ‌ဒေါ်လာဈေးကနေ စတင်ရောင်းချသွားတာ ဖြစ်ပါတယ်။ 256GB မော်ဒယ် iPhone 13 Pro ကို ၁၀၉၉ ဒေါ်လာနဲ့ ရောင်းတာကို တွက်ကြည့်ရင် မူရင်းထုတ်လုပ်စရိတ်ထက် နှစ်ဆနီးနီး ဈေးများတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့်လည်း ဒါက ပစ္စည်းအစိတ်အပိုင်းဈေးကို ပြောတာ ဖြစ်ပြီး သုတေသနနဲ့ ဖွံ့ဖြိုးရေးအသုံးစရိတ်တွေကိုတော့ ထည့်တွက်ထားခြင်း မရှိပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က