စက်တင်ဘာ ၁၄ ရက် iPhone သစ် မိတ်ဆက်ပွဲမှာ ဖုန်းမော်ဒယ်သစ် ၄ မျိုး မိတ်ဆက်သွားဖို့ ရှိပြီး ဒီဖုန်းတွေရဲ့ အနီးစပ်ဆုံး ဈေးနှုန်းနဲ့ သုံးသွားမယ့် Specs တချို့အကြောင်း ထွက်ထားတဲ့သတင်းတွေ စုစည်းတင်ပြလိုက်ပါတယ်။
iPhone 13 စီးရီးမှာ iPhone 13 ၊ iPhone 13 Pro ၊ iPhone 13 Pro Max နဲ့ iPhone 13 Mini ဆိုပြီး မော်ဒယ် ၄ မျိုး ကြေညာသွားမယ်လို့ ယူဆထားပါတယ်။ Mini ဗားရှင်းကတော့ iPhone တွေထဲမှာ နောက်ဆုံးမြင်ရမယ့် မော်ဒယ်ဖြစ်ပြီး နောက်အသစ်ထွက်လာမယ့် iPhone တွေမှာ Mini ဗားရှင်း ထပ်ထွက်ဖို့ မရှိဘူးဆိုပြီးလည်း သတင်းတွေ ထွက်နေပါတယ်။ အောက်မှာ ပြောမယ့်အချက်အလက်တွေကတော့ GizChina ကနေ ဖော်ပြထားတဲ့အချက်အလက်တွေကို မျှဝေလိုက်တာ ဖြစ်ပြီး Official သတင်းမဟုတ်ဘူးဆိုတာလည်း ကြိုပြီး ပြောလိုက်ရပါတယ်။
iPhone 13 Mini ခန့်မှန်းဈေးနှုန်းနဲ့ Specs များ
Photo: Gizchina
iPhone သစ်တွေထဲမှာ ဈေးအနည်းဆုံးဖြစ်တဲ့ iPhone 13 Mini ကို ၆၉၉ ဒေါ်လာ (မြန်မာငွေ ၁၁ သိန်းခွဲကျော်) ဈေးနဲ့ ရောင်းချသွားဖို့ ရှိပါတယ်။ မျက်နှာပြင် ၅.၄ လက်မ OLED display သုံးထားပြီး အရင်ကထက် ပိုသေးတဲ့ notch နဲ့ ဒုတိယမျိုးဆက် Face ID 2.0 စနစ် ပါလာနိုင်ပါတယ်။ ၂၀၂၁ ထွက် iPhone သစ်အားလုံးမှာ တူညီတဲ့အချက်က OLED panel သုံးထားပြီး Apple A15 Bionic chipset သုံးမယ်ဆိုတဲ့ အချက်ပါပဲ။
မော်ဒယ်အားလုံး 5G နဲ့ WiFi 6E ချိတ်ဆက်မှု ပါလာဖို့ ရှိပါတယ်။ Mini မော်ဒယ်မှာ storage ကို 64GB/128GB နဲ့ 256GB ဆိုပြီး သုံးမျိုးနဲ့ ထွက်လာမယ်လို့လည်း မျှော်လင့်ထားပါတယ်။ ကျောဘက်မှာ Portrait နဲ့ Ultra-Wide Lens ကင်မရာနှစ်လုံး သုံးလာဖို့ရှိပြီး ညကောင်းကင်မြင်ကွင်းရိုက်ကူးမှုအတွက် Astrophotography Mode လည်း သုံးလာမယ်လို့ ယူဆရပါတယ်။
iPhone 13 Mini ဟာ 2406mAh ဘက်ထရီ သုံးလာဖို့ ရှိပါတယ်။ ဘက်ထရီ Charging Support ကတော့ iPhone 13 မော်ဒယ်အားလုံး 25W Fast Charging နည်းပညာနဲ့ လာမယ်လို့လည်း ခန့်မှန်းထားကြပါတယ်။
iPhone 13 ခန့်မှန်းဈေးနှုန်းနဲ့ Specs များ
Photo: Gizchina
Mini မော်ဒယ်ပြီးရင် ဈေးသက်သာမယ့် နောက်ထပ် iPhone မော်ဒယ်သစ်ကတော့ iPhone 13 ပါပဲ။ ၇၉၉ ဒေါ်လာဈေးနဲ့ ရောင်းမယ်လို့ ခန့်မှန်းထားလို့ အခုလက်ရှိ မြန်မာငွေ ပေါက်ဈေးနဲ့ဆို အနည်းဆုံး ၁၃ သိန်းတော့ ကျော်ပါလိမ့်မယ်။ Pro မော်ဒယ်လိုပဲ Screen Size ၆.၁ လက်မ OLED panel နဲ့လာပြီး storage ကို iPhone 13 Mini အတိုင်း ထွက်လာမှာပါ။ ကျောဘက်ကင်မရာစနစ်ဟာ iPhone 13 Mini လိုပဲ Dual Lens နဲ့ Astrophotography Mode သုံးလာနိုင်ပါတယ်။ iPhone 13 မှာ ဘက်ထရီပါဝါ 3095 mAh သုံးမယ်လို့လည်း ယူဆရပါတယ်။
iPhone 13 Pro ခန့်မှန်းဈေးနှုန်းနဲ့ Specs များ
Photo: Gizchina
၉၉၉ ဒေါ်လာဆိုတော့ မြန်မာငွေ အနည်းဆုံး ၁၆ သိန်းခွဲ ကျသင့်မှာပါ။ ဒါက တစ်ဒေါ်လာကို ၁၆၅၀ ကျပ် အနည်းဆုံးထား တွက်ထားတာပါ။ ဒီထက်ပိုပြီး ဈေးကြီးဖို့လည်း မျှော်လင့်ထားရမှာ ဖြစ်ပါတယ်။ ၆.၁ လက်မ OLED display မှာ ထူးခြားလာတာက 120Hz ProMotion Always-On Display နဲ့လာမယ်ဆိုတဲ့ သတင်းပါပဲ။ storage အနေနဲ့ 256GB ဗားရှင်းကို မြင်ရဖို့ မရှိဘဲ အနည်းဆုံး 128GB ကနေ 512GB နဲ့ 1TB ဆိုပြီး အစားစား ရွေးဝယ်ရမှာပါ။
ကင်မရာစနစ်ဟာ iPhone 13 မော်ဒယ်တွေရဲ့ ထူးခြားချက် ဖြစ်လာနိုင်ပါတယ်။ ကင်မရာ သုံးလုံးပဲ သုံးထားပြီး ဗွီဒီယိုအတွက် ProRes featureနဲ့ Ultra-Wide Lens ပါလာဖို့ မျှော်လင့်ထားပါတယ်။ iPhone သစ် သုံးမျိုးစလုံးမှာ ဘုံပါလာနိုင်တဲ့ ကင်မရာ feature တစ်ခုက Astrophotography Mode ပါပဲ။ အရင် iPhone 12 Pro ထက် ပိုကြီးတဲ့ 3095 mAh ဘက်ထရီသုံးလာဖို့ ရှိပါတယ်။
iPhone 13 Pro Max ခန့်မှန်းဈေးနှုန်းနဲ့ Specs များ
Photo: Gizchina
ဈေးအမြင့်ဆုံးနဲ့ Screen Size အကြီးဆုံးဖြစ်တဲ့ Pro Max ဗားရှင်းဟာ ၁၀၉၉ ဒေါ်လာ (မြန်မာငွေ ၁၈ သိန်းကျော်) ဈေးကနေ စတင်ရောင်းချသွားဖို့ရှိပါတယ်။ ၆.၇ လက်မ OLED panel ဟာ Pro မော်ဒယ်လိုပဲ 120Hz ProMotion Refresh Rate သုံးလာဖို့ ရှိပါတယ်။ Storage Type မှာလည်း Pro မော်ဒယ်လိုပဲ 128GB ကနေ 1TB အထိ ထွက်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။ အရွယ်အစားကြီးတာကြောင့် ပိုပြီး ကြီးမားတဲ့ 4352 mAh ဘက်ထရီ သုံးမယ်လို့လည်း သတင်းထွက်နေပါတယ်။
ဒီဖုန်းအားလုံးကို စက်တင်ဘာ ၂၄ ရက်နေ့မှာ ဈေးကွက်တင်ရောင်းချသွားဖို့ ရှိနေပါတယ်။
Share