ဒီနှစ်ထဲ iPhone 13 စီးရီး ထုတ်လုပ်မှု ၁၀ သန်းအထိ ကျဆင်းသွားဖို့ ရှိပါတယ်။
ကမ္ဘာ့ချပ်စ်ဈေးကွက် ပစ္စည်းပြတ်လပ်မှုဟာ ၂၀၂၁ ခုနှစ်အတွက် နည်းပညာလောကသားတွေ ခေါင်းအကိုက်ဆုံးကိစ္စတစ်ခုဖြစ်ခဲ့ပါတယ်။ Chip Supply ပြတ်ကုန်တာကြောင့် ကားတွေ ၊ ဂရပ်ဖစ်ကတ်နဲ့ ဂိမ်း Console စက်တွေ ထုတ်လုပ်မှု ထိခိုက်ခဲ့သလို စမတ်ဖုန်းထုတ်လုပ်မှုလည်း ဂယက်ရိုက်ခဲ့ပါတယ်။ Bloomberg သတင်းမှာ Apple လည်း chip ပြတ်လပ်မှုကြောင့် ဒီနှစ်ထဲ iPhone သစ် ထုတ်မယ့်အရေအတွက်ကို ၁၀ သန်းအထိ လျှော့ချသွားရဖို့ ရှိတယ်လို့ ဆိုပါတယ်။
Photo: Yahoo News Singapore
iPhone စီးရီးတွေအတွက် Chipset ဒီဇိုင်းကို Apple ကိုယ်တိုင်ဒီဇိုင်းဆွဲပြီး TSMC ကို ထုတ်လုပ်မှုအပ်တာ ဖြစ်ပါတယ်။ Texas Instruments နဲ့ Broadcom တို့ဆီက chip အဝင်ပြတ်လပ်မှုကြောင့် ထုတ်လုပ်မှုပစ်မှတ်ကို လျှော့ချဖို့ ဖြစ်လာတယ်လို့ ယူဆရပါတယ်။ Texas Instruments ဟာ Display အစိတ်အပိုင်းတွေကို supply လုပ်ပေးတာ ဖြစ်ပြီး Broadcom က wireless အစိတ်အပိုင်းတွေ သွင်းတာ ဖြစ်ပါတယ်။
Apple လို အင်အားကြီးစမတ်ဖုန်းကုမ္ပဏီတစ်ခုလည်း ဖြစ်သလို တခြားဖုန်း Brands တွေထက်စာရင် ဝယ်လိုအားမြင့်တဲ့ OEM တစ်ခု ပစ္စည်းပြတ်တဲ့ကိစ္စဟာ chip ပြတ်လပ်မှုအခြေအနေ ဘယ်လောက်ဆိုးဝါးနေသလဲဆိုတာကို ဖော်ပြနေတာပါ။ Apple လို ကုမ္ပဏီမျိုးတောင် လိုအပ်တဲ့ပစ္စည်းအစိတ်အပိုင်းတွေ အလျင်မီအောင် မသွင်းနိုင်ရင် တခြား အန်းဒရိုက်ဖုန်းကုမ္ပဏီတွေလည်း ထိခိုက်မှု များဖို့ရှိပါတယ်။
Apple ရဲ့ ပြိုင်ဘက် Samsung လည်း chip ပြတ်လပ်မှုကို ဆိုးဆိုးဝါးဝါး ကြုံဖို့ ရှိပါတယ်။ နှစ်ဆန်းပိုင်းကပဲ Samsung Mobile အကြီးအကဲ TM Roh ဟာ အမေရိကန်ကို နှစ်ကြိမ်တိုင် သွားပြီး chips ဝယ်ရေး ဆွေးနွေးမှုလုပ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပါတယ်။ Samsung နဲ့ စကားပြောခဲ့တဲ့ ကုမ္ပဏီနာမည်ဖော်ပြမထားပေမယ့် Roh ရဲ့ တောင်းဆိုချက် ငြင်းပယ်ခံရတယ်လို့လည်း The Elec က ပြီးခဲ့တဲ့လက သတင်းမှာ ဖော်ပြခဲ့ပါတယ်။
Photo: Yahoo News Singapore
chip ပြတ်လပ်တာကြောင့် iPhone သစ်တွေ လျှော့ထုတ်ရမှာ ဖြစ်လို့ Apple ရဲ့ စမတ်ဖုန်းဝင်ငွေလည်း နှေးကွေးသွားဖို့ ရှိပါတယ်။ လောလောဆယ်အခြေအနေအရ iPhone 13 စီးရိးဟာ အရင်နှစ် iPhone 12 တွေထက် ရောင်းအားမြင့်နေတယ်လို့ ဆိုပါတယ်။ Counterpoint ကလည်း စတုတ္ထသုံးလပတ်အတွက် iPhone 13 ရောင်းအားဟာ အလုံးရေ ၈၅ သန်းနဲ့ သန်း ၉၀ အကြား ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီခန့်မှန်းချက်အတိုင်း ဖြစ်လာဖို့ကတော့ စောင့်ကြည့်ရဦးမှာပါ။