Apple Watch Series 7 လည်း မိတ်ဆက်သွားမှာပါ

တစ်နှစ်တာအတွက် Apple ရဲ့ အကြီးဆုံး Annual Event ကျင်းပမယ့်ရက်ကို တရားဝင်ကြေညာလိုက်ပြီ ဖြစ်ပါတယ်။    

           iPhone 13 နဲ့ Apple Watch Series 7 တို့ကို စက်တင်ဘာ ၁၄ ရက် ပစိဖိတ်စံတော်ချိန် မနက် ၁၀ နာရီမှာ ကျင်းပသွားမယ်လို့ အတည်ပြုလိုက်တာပါ။ အရင်နှစ်ကလိုပဲ COVID-19 ကပ်ရောဂါဘေးကြောင့် pre-recording လုပ်ပြီး အွန်လိုင်းပွဲအနေနဲ့ပဲ ကျင်းပသွားဖို့ ရှိပါတယ်။ California Streaming နာမည်နဲ့ဒီပွဲကို streaming ပလက်ဖောင်းအမျိုးမျိုးကနေ လွှင့်တင်သွားမှာပါ။





           ဒီနှစ် မိတ်ဆက်မယ့် iPhone သစ်တွေရဲ့ အချက်အလက်နဲ့ ပတ်သက်လို့ သိပ်များများစားစား မသိရသေးပါဘူး။ သတင်းထွက်နေတာကတော့ Pro မော်ဒယ်တွေမှာ Refresh Rate အမြင့်သုံးတဲ့ Display နဲ့လာမယ်လို့ဆိုပါတယ်။ ပုံမှန်အတိုင်း iPhone သစ်တွေမှာ ကင်မရာနဲ့ chipset ပိုင်း စွမ်းဆောင်ရည်လည်း မြှင့်တင်သွားမှာပါ။ ပြီးခဲ့တဲ့နှစ်မှာ iPhone 12 မော်ဒယ် လေးမျိုး မိတ်ဆက်ခဲ့ပြီး ဒီနှစ်မှာတော့ iPhone သစ် ဘယ်နှစ်မျိုး ကြေညာမလဲဆိုတာ မသိရသေးပါဘူး။

           iPhone 13 နဲ့အတူ မိတ်ဆက်သွားဖို့ ရှိတဲ့ ထုတ်ကုန်တစ်ခုက Apple Watch Series 7 ပါပဲ။ ပြီးခဲ့တဲ့နှစ်ထဲမှာ ဆဌမမျိုးဆက် Apple Watch ကို ကြေညာခဲ့ပြီး ဒီမော်ဒယ်မှာ သွေးတွင်းအောက်ဆီဂျင်တိုင်းတဲ့ စနစ် နဲ့ ECG ရိုက်ကူးနိုင်မယ့်နည်းပညာမျိုးတွေ ပါဝင်ခဲ့သလို ဈေးပိုသက်သာတဲ့ SE ဗားရှင်းပါ ထုတ်ခဲ့တာပါ။ လာမယ့်အပတ်မှာ ကြေညာသွားမယ့် Watch Series 7 ဟာ အရင်မော်ဒယ်တွေထက် အရွယ်အစားပိုကြီးပြီး pixel ပါဝင်မှုလည်း ပိုများမယ်လို့ ဆိုပါတယ်။

           ပုံမှန်အတိုင်းဆို Apple ရဲ့ စက်တင်ဘာထုတ်ကုန်သစ် မိတ်ဆက်ပွဲမှာ Operating Systems သစ်တွေ ကြေညာလေ့ရှိတာ ဖြစ်လို့ iOS 15 ၊ iPadOS 15 ၊ watchOS 8 နဲ့ macOS Monterey တို့လည်း မိတ်ဆက်သွားမလား စောင့်ကြည့်ရမှာပါ။ ဒါပေမယ့် ဒီပွဲရဲ့ အဓိက အသားပေးထုတ်ကုန်တွေကတော့ iPhone နဲ့ Apple Watch ဖြစ်လို့ အများစုကတော့ ဒီထုတ်ကုန်တွေမှာ ဘယ်လိုအပြောင်းအလဲတွေ ပါလာမလဲဆိုတာကို မျှော်လင့်စောင့်စားနေကြတာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က