iPhone သစ်အတွက် Display ထုတ်လုပ်ရာမှာ မရိုးမသားလုပ်ခဲ့တဲ့ တရုတ် Display ကုမ္ပဏီ BOE ဟာ Apple ဆီက အော်ဒါတွေ လက်မလွှတ်ရဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့လကုန်ပိုင်းလောက်က BOE ဟာ Apple အတွက် OLED Panel တွေ ထုတ်လုပ်ချိန်မှာ ကုမ္ပဏီက သတ်မှတ်ထားတဲ့ ထုတ်ကုန်အချက်အလက်ကို တိတ်တဆိတ် လျှော့ချဖို့ လုပ်ဆောင်ခဲ့တာပါ။ ကနဦး ထုတ်လုပ်မှုလုပ်ရာမှာ အပြစ်အနာအဆာပါတဲ့ Panel တွေ အများအပြား ထွက်လာတာကြောင့် ထုတ်လုပ်မှုလွယ်ကူမြန်ဆန်ဖို့ ပုံစံပြောင်းမှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။ BOE ဟာ Apple ကို အသိပေးခြင်း မရှိဘဲ iPhone 13 အတွက် ထုတ်လုပ်နေတဲ့ OLED Panel ပေါ်က Film Transistors အပါးရဲ့ ဆားကစ်အကျယ်ကို ပြောင်းခဲ့တာ ဖြစ်ပါတယ်။
BOE ရဲ့ လုပ်ရပ်ကို သတိပြုမိတဲ့ Apple ဟာ Panel အော်ဒါတွေ ချက်ချင်း ရပ်ဆိုင်းခဲ့ပါတယ်။ BOE ရထားတဲ့ ကန်ထရိုက်ကိုလည်း တောင်ကိုရီးယား Supplier တွေ ဖြစ်တဲ့ LG Display နဲ့ Samsung Display တို့ကို ပေးမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ BOE ကတော့ iPhone 14 Display အော်ဒါတွေ လက်မလွှတ်ရဖို့အတွက် Apple ဆီကို အမှုဆောင်အရာရှိနဲ့ အင်ဂျင်နီယာတွေ စေလွှတ်ပြီး အခြေအနေကို ရှင်းပြခဲ့ရပါတယ်။
ကူပါတီနိုအခြေစိုက် Apple အနေနဲ့ BOE ကို ပေးထားတဲ့ iPhone 14 စီးရီးအတွက် OLED Panel အော်ဒါနမူနာတွေကို ပြန်သုံးသပ်အကဲဖြတ်မှု လုပ်သွားဖို့ ရှိတယ်လို့ The Elec သတင်းက ဖော်ပြပါတယ်။ ဒီသတင်းမှာပဲ BOE ဟာ Apple ဆီက Display ထုတ်လုပ်ဖို့ ခွင့်ပြုချက်ကို တစ်လအတွင်း ရဖို့ များတယ်လို့လည်း ပြောထားပါတယ်။
တကယ်လို့ Apple အနေနဲ့ BOE ကို နောက်တစ်ကြိမ် အခွင့်အရေးပြန်ပေးခဲ့မယ်ဆိုရင် ကုမ္ပဏီဟာ လာမယ့် ဇူလိုင်နဲ့ ဩဂုတ်လတွေအတွင်းမှာ iPhone 14 ရိုးရိုးဗားရှင်းတွေအတွက် Panels တွေ ထုတ်လုပ်မှု စတင်သွားမှာလည်း ဖြစ်ပါတယ်။ BOE ဟာ iPhone 14 display အော်ဒါ သန်း ၃၀ အထိ ရခဲ့ပေမယ့် အများဆုံး ၅ သန်းပဲ Supply လုပ်ရဖွယ် ရှိတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။
တရုတ် Display ကုမ္ပဏီ BOE ဟာ Apple ဆီကနေ iPhone 14 နဲ့ 14 Max အတွက် OLED Panels အော်ဒါတွေ ရထားပြီး ကျန်တဲ့ Pro မော်ဒယ်သစ် နှစ်မျိုးအတွက် Apple ဟာ Samsung နဲ့ LG Panels တွေ သုံးသွားဖို့ ရှိပါတယ်။