iPhone သစ်တွေရဲ့ အပြောင်းအလဲထဲမှာ ဈေးနှုန်းမြင့်တက်မှုလည်း ပါဝင်လာဖို့ ရှိပါတယ်။
Apple ရေးရာ လေ့လာဆန်းစစ်သူတစ်ဦး ဖြစ်တဲ့ မင်ချိကုအိုကတော့ အသစ်ထွက်လာမယ့် iPhone 14 တွေဟာ iPhone 13 စီးရီးထက် ဈေးပိုကြီးမယ်လို့ ပြောလိုက်ပါတယ်။ မင်ချိကုအိုရဲ့ ခန့်မှန်းချက်အရ iPhone 14 စီးရီးတစ်ခုလုံးရဲ့ ပျမ်းမျှရောင်းဈေး ASP ဟာ iPhone 13 Lineup နဲ့ နှိုင်းစာရင် ၁၅% တိုးလာဖို့ ရှိတယ်လို့ ပြောပါတယ်။ လက်ရှိ ထွက်ထားတဲ့ iPhone 13 စီးရီးထဲက အနိမ့်ဆုံး iPhone 13 မော်ဒယ်ဟာ ၇၉၉ ဒေါ်လာ (မြန်မာငွေ ၂၁ သိန်းခွဲဝန်းကျင်) ဈေးကနေ စတင်ခဲ့တာ ဖြစ်ပြီး Pro နဲ့ Pro Max မော်ဒယ်တွေဆို ၉၉၉ ဒေါ်လာ (လက်ရှိ မြန်မာငွေ ၂၇ သိန်းကျော်) နဲ့ ၁၀၉၉ ဒေါ်လာ (မြန်မာငွေ သိန်း ၃၀ ဝန်းကျင်) ဈေးတွေနဲ့ ရောင်းချခဲ့တာပါ။
iPhone 14 Lineup မှာ ထွက်မယ့် ဖုန်းမော်ဒယ်တွေရဲ့ ပျမ်းမျှရောင်းဈေးဟာ ၁၅% တက်လာဖို့ ရှိတယ် ပြောပေမယ့် မော်ဒယ်တစ်ခုချင်းစီရဲ့ ခန့်မှန်းဈေးကိုတော့ မင်ချိကုအိုက ပြောသွားခြင်း မရှိပါဘူး။ သူ့ရဲ့အဆိုအရ iPhone 14 Lineup ထဲမှာ Pro မော်ဒယ်တွေအပါ ASP ဈေး ဒေါ်လာ ၁၀၀၀ (မြန်မာငွေ ၂၇ သိန်းကျော်) ကနေ ၁၀၅၀ ဒေါ်လာ (မြန်မာငွေ ၂၈ သိန်းခွဲကျော်) ရှိမယ်လို့ ပြောထားပါတယ်။
iPhone 13 Lineup မှာ iPhone 13 mini (၆၉၉ ဒေါ်လာ) ၊ iPhone 13 (၇၉၉ ဒေါ်လာ) ၊ iPhone 13 Pro (၉၉၉ ဒေါ်လာ) နဲ့ iPhone 13 Pro Max (၁၀၉၉ ဒေါ်လာ) ဆိုပြီး အနိမ့်ဆုံးဈေးတွေနဲ့ ထွက်ခဲ့တာပါ။ iPhone 13 Lineup ရဲ့ ASP ဟာ ၈၉၉ ဒေါ်လာခန့် ကျသင့်တာ ဖြစ်လို့ မင်ချိကုအိုရဲ့ ခန့်မှန်းချက်အရဆို iPhone 14 Lineup ရဲ့ ပျမ်းမျှ ရောင်းဈေး ASP ဟာ အနည်းဆုံး ဒေါ်လာ ၁၀၀ ကနေ ၁၅၀ အတွင်း ပိုပြီး ဈေးတက်လာမယ့်သဘော ဖြစ်ပါတယ်။
iPhone သစ်တွေ အခုလို ဈေးမြင့်လာတဲ့ အကြောင်းက ဈေးပိုကြီးတဲ့ Pro နဲ့ Pro Max မော်ဒယ်တွေကြောင့်အပြင် သယ်ယူပို့ဆောင်ခအချိုးအဆ မြင့်မားလာခြင်းကြောင့်လို့လည်း မင်ချိကုအို က ဆိုပါတယ်။ iPhone 14 သစ်တွေ ဈေးကြီးမယ့်အကြောင်းကို ဈေးကွက်ဆန်းစစ်လေ့လာသူတွေက အခုမှ အသိပေးထားတာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ဇွန်လထဲမှာ Wedbush Securities ဈေးကွက်ဆန်းစစ်လေ့လာသူ ဒေ့ဗ်အိုက်ဗ်က The Sun သတင်းကို ပြောရာမှာ ကမ္ဘာ့အတိုင်းအတာနဲ့ Supply Chain ပေါ် ဂယက်ရိုက်ခတ်မှုကြောင့် iPhone 14 တွေဟာ iPhone 13 ထက် ဒေါ်လာ ၁၀၀ လောက် ဈေးပိုတက်လာနိုင်တယ်လို့ ပြောခဲ့ပါတယ်။
တောင်ကိုရီးယား စမတ်ဖုန်းသတင်းလိုက်သူတစ်ဦးဖြစ်တဲ့ Lanzuk ကတော့ Apple ဟာ iPhone 14 ရိုးရိုးမော်ဒယ်တွေကို ဈေးမတင်ဘဲ Pro မော်ဒယ်တွေကိုပဲ ဈေးမြှင့်သွားဖို့ ရှိတယ်လို့ ပြောထားပါတယ်။ base ဗားရှင်း iPhone 14 တွေဟာ ပိုပြီး အဆင့်မြင့်လာတဲ့ ကျောဘက် 48MP ကင်မရာနဲ့ Autofocus ပါ Selfie ကင်မရာတစ်ခု ပါလာဖို့ ရှိပြီး Pro မော်ဒယ်တွေကတော့ ဒီဇိုင်းပိုင်းရော ၊ ကင်မရာ ၊ Processor နဲ့ Display စနစ်ပါ အဆင့်မြှင့်တင်လာနိုင်ပါတယ်။
လက်ရှိသတင်းတွေအရဆို iPhone 14 Pro နဲ့ 14 Pro Max တို့ဟာ ရှေ့ကင်မရာအတွက် notch အစား ဆေးတောင့်ပုံ punch-hole cutout ဒီဇိုင်း သုံးလာပြီး A16 Bionic Chipset သစ်နဲ့ Always-On Display ပံ့ပိုးမှုလည်း ပါဝင်လာမယ်လို့ ကြားနေရပါတယ်။