iPhone သစ်တွေ ဈေးတက်မယ်ဆိုတဲ့သတင်းက မှန်ချင်မှ မှန်မှာပါ။
အရှေ့အာရှက လာတဲ့ သတင်းတစ်ပုဒ်အရ ဒီနှစ် အသစ်ထွက်လာမယ့် iPhone 14 မော်ဒယ်ဟာ ၆.၁ လက်မဆိုဒ် iPhone 13 နဲ့ ဈေးတန်းအတူတူပဲ ဖြစ်ပြီး ၇၉၉ ဒေါ်လာ (မြန်မာငွေ ၁၆ သိန်းခန့်) ဈေးနဲ့ စတင် ရောင်းချသွားဖို့ ရှိတယ်လို့ Macrumors သတင်းက ဖော်ပြပါတယ်။ ကိုရီးယားဘလော့ဂ်ဆိုက်တစ်ခုဖြစ်တဲ့ Naver ပေါ်မှာ yeux1122 အကောင့်ပိုင်ရှင်က Apple အနေနဲ့ ဖုန်းသစ်ရောင်းအားတက်ဖို့နဲ့ စမတ်ဖုန်းဈေးကွက်ဝယ်လိုအားကျဆင်းမှုကို ထိန်းညှိနိုင်ဖို့အတွက် ဈေးအနည်းဆုံး Flagship iPhone သစ်ကို ဈေးတင်ရောင်းမှာ မဟုတ်ဘူးလို့ ရေးထားပါတယ်။
ကမ္ဘာ့စမတ်ဖုန်းဈေးကွက်အခြေအနေ မကောင်းတဲ့အချိန်မှာ ဖုန်းသစ်တွေ ဈေးမတင်ဖို့ Apple က စဉ်းစားထားတာလို့လည်း သူကပြောပါတယ်။ ဒီသတင်းအရင်းအမြစ်ဟာ အဓိကအမေရိကန်ဘဏ္ဍာရေးအဖွဲ့အစည်းတစ်ခုဆီကနေ လာတာလို့လည်း ဆိုပါတယ်။ iPhone 14 သစ်ဟာ သူ့အရင်ထွက်ထားတဲ့ ၂၀၂၁ မော်ဒယ် iPhone 13 အတိုင်း ၆.၁ လက်မ Display နဲ့လာဖို့ ရှိပြီး Pro မော်ဒယ်ရဲ့ ဆန်းသစ်မှုနဲ့ နည်းပညာသစ်ပါဝင်မှုတို့ကိုတော့ တွေ့ရဖို့ မရှိပါဘူး။
လာမယ့် စက်တင်ဘာလထဲမှာ Apple ဟာ iPhone 14 Lineup အနေနဲ့ ၆.၁ လက်မအရွယ် iPhone 14 နဲ့ iPhone 14 Pro ၊ ၆.၇ လက်မဆိုဒ် iPhone 14 Max နဲ့ iPhone 14 Pro Max ဆိုပြီး ထုတ်ကုန်သစ် ၄ မျိုး ကြေညာမယ်လို့ ယူဆရပါတယ်။ Pro မဟုတ်တဲ့ ရိုးရိုးမော်ဒယ်တွေမှာ iPhone 13 series တုန်းကအတိုင်း A15 Bionic Chip သုံးလာနိုင်ပြီး Pro တန်းတွေက A16 Bionic Chipset သစ်နဲ့ ထွက်လာဖို့လည်း ရှိပါတယ်။ iPhone 14 Pro နဲ့ iPhone 14 Pro Max တွေဟာ ရှေ့ဘက်မှာ စက်ဝိုင်းပုံ Hole-Punch နဲ့ ဆေးတောင့်ပုံ Pill-Shaped ကင်မရာ Cutout ဒီဇိုင်း သုံးလာနိုင်ပါတယ်။
အစောပိုင်း ကြားခဲ့ရတဲ့ အချက်အလက်တွေအရ အမေရိကန်မှာ iPhone 14 Pro နဲ့ iPhone 14 Pro Max ဈေးတွေကို iPhone 13 စီးရီးတုန်းကထက် ဒေါ်လာ ၁၀၀ စီ တိုးပြီး ၁၀၉၉ ဒေါ်လာနဲ့ ၁၁၉၉ ဒေါ်လာ ဈေးတွေနဲ့ စတင်ရောင်းချသွားဖို့ မျှော်လင့်ကြောင်း ဖော်ပြခဲ့ပါတယ်။ iPhone သစ်တွေထဲမှာ ရိုးရိုးမော်ဒယ် iPhone 14 ပြီးရင် ဈေးအသက်သာဆုံးဖြစ်တဲ့ iPhone 14 Max ကိုတော့ ဒေါ်လာ ၉၀၀ (မြန်မာငွေ ၁၈ သိန်းခန့်) ဈေးကနေ စတင် ရောင်းချသွားမယ်လို့လည်း သတင်းထွက်နေပါတယ်။
ဒီနှစ် iPhone သစ်တွေဟာ Pro နဲ့ Non-Pro မော်ဒယ်တွေကို ပထမဆုံးအကြိမ် သိသိသာသာ အတန်းအစားခွဲခြားသွားဖို့ ရှိပါတယ်။ ။ သတင်းတွေအရ ဒီဇိုင်းပိုင်းမှာ iPhone 14 Pro မော်ဒယ်တွေဟာ Punch-Hole cutout ဒီဇိုင်း နဲ့ ပိုကွေးညွှတ်တဲ့ ထောင့်ချိုးတွေ သုံးလာပြီး Display Refresh ၊ Processor နဲ့ ကင်မရာစွမ်းရည်တွေမှာ Non-Pro မော်ဒယ်တွေထက် အပြတ်အသတ် သာဖို့ ရှိပါတယ်။ Pro မော်ဒယ် iPhone တွေဟာ 120Hz LTPO OLED Display ၊ A16 Bionic Chipset သစ် နဲ့ 48MP Main Sensor သစ်ကို သုံးလာမယ်လို့ သတင်းထွက်နေပါတယ်။
ထုံးစံအတိုင်း ဒီသတင်းတွေအားလုံးက အတည်ပြုလို့ မရသေးတဲ့ သတင်းတွေပဲ ဖြစ်ပြီး တရားဝင်မိတ်ဆက်ပွဲရောက်မှ အချက်အလက်အမှန် သိရတော့မှာ ဖြစ်ပါတယ်။