iPhone စီးရီးအသစ်ထွက်တိုင်း Samsung က လှောင်ပြောင်တိုက်ခိုက်တာ အကျင့်ဖြစ်နေပါပြီ။
အရင်နှစ်တွေကလည်း Samsung ဟာ Apple ကို သရော်ထားတဲ့ ကြော်ငြာဗွီဒီယိုတွေ တင်ခဲ့ပါတယ်။ ဒီနှစ်လည်း ထုံးစံမပျက် iPhone သစ်ထွက်ခါနီးမှာ ကြော်ငြာဗွီဒီယိုလေးတစ်ခုနဲ့ လှောင်ထားပါတယ်။ Samsung ရဲ့ နောက်ဆုံးပေါ် Galaxy S22 Ultra နဲ့ Galaxy Z Flip 4 တို့ကို ကြော်ငြာတဲ့ Promo Video သစ်မှာ Apple ကို ဆန်းသစ်တီထွင်မှုမရှိဘူးဆိုပြီး တိုက်ခိုက်သွားတာပါ။
"ခါးပတ်ပတ်ထားပါ" လို့ အဓိပ္ပါယ်ရတဲ့ နာမည်နဲ့ တင်ထားတဲ့ Galaxy ထုတ်ကုန်ကုန် ကြော်ငြာဗွီဒီယိုမှာ Apple ထုတ်ကုန်တွေမှာ မတွေ့ရတဲ့ Samsung Galaxy ထုတ်ကုန်တွေရဲ့ Highlight Features တွေကို အဓိကဖော်ပြသွားပါတယ်။ "Apple ရဲ့ နောက်ဆုံးပေါ်ထုတ်ကုန်မိတ်ဆက်မှုအတွက် ခါးပတ်ပတ်ထားကြပါတယ်။ ခေါင်းတွေ ဟိုဒီလည်သွားမယ့် ကမ္ဘာကြီးထဲ ဝင်ရမှာ ဖြစ်လို့ပါ။ ခင်ဗျားဦးတည်ချက်ထဲတော့ ရောက်လာမှာ မဟုတ်ပါဘူး" လို့ ကြော်ငြာထဲမှာ နောက်ခံစကားပြောသူက ထည့်ပြောသွားပါတယ်။
Samsung ရဲ့ ဗွီဒီယိုထဲမှာ Galaxy Z Flip 4 ရဲ့ ယောက်သွားခွံ ခေါက်သိမ်းနိုင်ဒီဇိုင်း နဲ့ Galaxy S22 Ultra မှာ ပါလာတဲ့ 108MP Main Camera ၊ အဆ ၁၀၀ ဆွဲရိုက်နိုင်တဲ့ Space Zoom တို့အကြောင်း ပြောသွားပါတယ်။ ဒီလို ဆန်းသစ်တဲ့ Features တွေကို iPhone သစ်တွေ မသုံးနိုင်သေးဘူးလို့ Apple ကို လှောင်ပြောင်လိုက်တာပါ။ စက္ကန့် ၃၀ ကြာ ဗွီဒီယိုရဲ့ အဆုံးနားမှာ "ဒီလို ဆန်းသစ်တီထွင်မှုတွေက သူ့အနီးအနားက iPhone ဆီမှာ မကြာခင် ရောက်လာမှာ မဟုတ်ပါဘူး။ Galaxy ထဲမှာပဲ ရှိပါတယ်။" လို့ ပြောထားပါတယ်။
Samsung ဟာ Apple ရဲ့ iPhone ထုတ်ကုန်သစ်မိတ်ဆက်ပွဲလို Special Events သစ်တွေ မတိုင်ခင် ကြိုပြီး Troll လေ့ရှိပါတယ်။ ၂၀၁၇ ခုနှစ်ကလည်း Samsung ကြော်ငြာကမ်ပိန်းအဖွဲ့ဟာ iPhone X ရဲ့ Notch ဒီဇိုင်း ၊ နားကြပ်ပေါက် မပါတဲ့ ကိစ္စတွေကို Promo Video နဲ့ လှောင်ပြောင်တာတွေ လုပ်ခဲ့ပါတယ်။ ဒီအရင် iPhone 3GS တုန်းကလည်း Storage နည်းတဲ့ကိစ္စကို Apple က လှောင်ပြောင်ခဲ့ပါတယ်။ iPhone တွေ ရေစိုမခံတဲ့ ကိစ္စတုန်းကလည်း Samsung အတွက် Apple ကို လှောင်စရာဖြစ်ခဲ့ပါတယ်။
iPhone 7 ထွက်လာချိန်ကလည်း နားကြပ်ပေါက်မပါတာ ၊ Qi Wireless Charging စနစ် မရတာတွေကို လှောင်ပြောင်ခဲ့ပါတယ်။ ဒါပေမယ့် ကုမ္ပဏီဟာ ၂၀၁၉ ခုနှစ်အရောက်မှာ iPhone 7 စီးရီးမှာ နားကြပ်ပေါက် ဖြုတ်တဲ့ကိစ္စကို လှောင်ထားတဲ့ ဗွီဒီယိုဖိုင်ကို တိတ်တဆိတ်ပြန်ဖျက်ခဲ့ပါတယ်။ နားကြပ်ပေါက် ထည့်မပေးတဲ့ Apple ကို လှောင်ပြောင်ခဲ့တဲ့ Samsung ဟာ Galaxy Note 10 စီးရီးမှာ နားကြပ်ပေါက်ဖယ်ရှားမှု စတင်လုပ်ဆောင်ခဲ့ပါတယ်။
၂၀၂၀ ထွက် iPhone 12 တွေမှာ Charger ထည့်မပေးတဲ့ ကိစ္စကို Troll ခဲ့တာတွေ လုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းထွက် Samsung ဖုန်းတွေမှာ Apple ကို အတုခိုးပြီး Charger ဖယ်ရှားမှုလုပ်လာခဲ့ပါတယ်။ Apple ကို Samsung ကုမ္ပဏီအနေနဲ့ ပြိုင်ဘက်အဖြစ် ထိုးနှက်လှောင်ပြောင်မှုတွေ လုပ်ခဲ့ပေမယ့် iPhone ရဲ့ ဩဇာကိုတော့ ကျော်လွှားဖို့ ခက်နိုင်ပါတယ်။
မကြာသေးခင်က Counterpoint Research ရဲ့ အချက်အလက်တွေအရ အမေရိကန်ဈေးကွက်မှာ iPhone ကိုင်သူဦးရေဟာ ဈေးကွက်တစ်ခုလုံးရဲ့ ၅၀% ကျော် ရှိလာပြီလို့ ဆိုပါတယ်။ ပရီမီယံတန်းဝင် စမတ်ဖုန်းဈေးကွက်မှာ iPhone တွေဟာ ကမ္ဘာ့ဈေးကွက်ရဲ့ ၅၇% ကို လွှမ်းခြုံထားတယ်လို့ ဖော်ပြထားပါတယ်။ iPhone က စတင်လိုက်တဲ့ Trend တစ်ခုဟာလည်း စမတ်ဖုန်းလောကအတွက် ဖက်ရှင်တစ်ခုလို ဖြစ်စေခဲ့ပါတယ်။