Apple ရဲ့ ၂၀၂၂ အတွက် စမတ်ဖုန်းထုတ်ကုန်သစ်တွေကို မနက်ဖြန် စက်တင်ဘာ ၇ ရက်နေ့ညမှာ မိတ်ဆက်သွားတော့မှာပါ။
iPhone 14 မော်ဒယ်သစ် ၄ မျိုးကို စက်တင်ဘာထုတ်ကုန်မိတ်ဆက်ပွဲမှာ ကြေညာသွားမှာ ဖြစ်ပြီး Pro မော်ဒယ်တွေကမှ တကယ့်အပြောင်းအလဲ ဖြစ်လာမယ့်ဖုန်းတွေလို့ ဆိုနိုင်ပါတယ်။ ကင်မရာပိုင်း ၊ Display ၊ Processor ပိုင်းအပြင် ထူးထူးခြားခြား features တချို့လည်း ပါဝင်လာနိုင်ပါတယ်။
(၁) Display
သေချာသလောက်ရှိတဲ့ သတင်းတွေအရ iPhone X မှာ ပထမဆုံး မိတ်ဆက်လာခဲ့တဲ့ Notch ဒီဇိုင်းကို iPhone 14 Pro မှာ လုံးဝပြောင်းလဲပစ်ဖို့ ရှိပါတယ်။ High-End မော်ဒယ် Pro ဖုန်းသစ်တွေဟာ ဆေးတောင့်ပုံ pill hole ဒီဇိုင်းသစ်ကို အသုံးပြုလာဖို့ ရှိပြီး ဒါကလည်း Android ဖုန်းတွေမှာ မြင်ရတဲ့ ရိုးရိုး hole-punch cutout နဲ့ မတူဘဲ hole punch ပေါက်နဲ့ ဆေးတောင့်ပုံ pill-Shaped cutout နှစ်ခုတွဲဒီဇိုင်းကို သုံးလာဖို့ ရှိပါတယ်။
pill hole ဒီဇိုင်းနဲ့ ၃ နှစ်လောက် ဖြတ်သန်းပြီးရင်တော့ Screen အပြည့်ပါတဲ့ All-Screen iPhone တွေ မြင်တွေ့ရဖို့ ရှိပါတယ်။ Display ပိုင်းမှာ နောက်ထပ် မျှော်လင့်ရတာက iPhone 14 Pro ဟာ Always-On Display Support ပေးလာနိုင်တယ်ဆိုတာပါပဲ။ iPhone 13 Pro နဲ့ 13 Pro Max တွေမှာ AOD လုပ်ဆောင်ချက်မပါခဲ့ဘဲ iPhone 14 Pro မှ AOD ပါလာရတဲ့ အကြောင်းရင်းက ProMotion Display ကို 1Hz Refresh Rate အထိ ပြန်လျှော့ချနိုင်လို့ ဖြစ်ပါတယ်။ Apple က သုံးနေတဲ့ လက်ရှိ ProMotion Display တွေဟာ refresh rate ကို 10Hz အထိပဲ အနည်းဆုံးလျှော့ချနိုင်တာပါ။
Refresh Rate ပိုလျှော့ချနိုင်လေလေ AOD စနစ်ပေးရင်းနဲ့ ဘက်ထရီ Life ပါ ထိန်းနိုင်စွမ်းရှိမှာပါ။
(၂) ကင်မရာ
ဒီနှစ်တွေအတွင်းမှာ အကြီးဆုံး iPhone ကင်မရာ Upgrade လုပ်မှုတစ်ခု ဖြစ်လာမလားဆိုတာကို iPhone 14 မိတ်ဆက်ပွဲမှာ မြင်ရဖို့ ရှိပါတယ်။ ရှေ့ကင်မရာစနစ်ရဲ့ Auto-focus Feature အဆင့်မြှင့်တင်မှုကို ဒီနှစ်မှာ မြင်ရနိုင်ပါတယ်။ Five-Part Lens အစား Six-Part Lens စနစ် သုံးတာ ကျောဘက်ကင်မရာကို 12MP Sensor ကနေ 48MP Sensor အကြီးကို မြှင့်တင်တာမျိုး ဖြစ်ပါတယ်။
48MP Sensor ကို iPhone 14 နဲ့ iPhone 14 Pro Max တွေမှာ မြင်ရနိုင်ပါတယ်။ MP မြင့်သွားပေမယ့် iPhone ကနေ ထွက်လာတဲ့ Image တွေက 12MP ရုပ်ထွက်ရှိနိုင်ပါတယ်။ Apple ဟာ Video Camera စနစ်ကိုလည်း 8K ရုပ်ထွက်ရတဲ့ စနစ်ဖြစ်အောင် ပြောင်းလဲလာနိုင်ပါတယ်။ iPhone 14 ဟာ Lightning Port ပါတဲ့ နောက်ဆုံး iPhone ဖြစ်နိုင်ပါတယ်။ ၂၀၂၃ ခုနှစ်ကစပြီး Apple ဟာ ထုတ်ကုန်တိုင်းကို USB-C စနစ် ပြောင်းသွားဖို့ ရှိပါတယ်။
(၃) ဂြိုလ်တုဆက်သွယ်ရေးစနစ်
ပြီးခဲ့တဲ့နှစ် iPhone 13 တွေမှာကတည်းက ဂြိုလ်တုဆက်သွယ်ရေးနည်းပညာ ပါဝင်တော့မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ ဒီနှစ် iPhone 14 မှာလည်း Satellite Connectivity အကြောင်း သတင်းတွေ ပြန်လှိုင်လာခဲ့ပါတယ်။ နာမည်ကျော် ဈေးကွက်ဆန်းစစ်လေ့လာသူ မင်ချိကုအိုကတော့ ဒီ Feature အတွက် Hardware ပိုင်းဆိုင်ရာ စမ်းသပ်မှုတွေ အကုန်ပြီးသွားပြီလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ကပဲ SpaceX နဲ့ T-Mobile တို့ ပေါင်းပြီး နောက်နှစ်ကစလို့ စမတ်ဖုန်းတွေအတွက် Starlink ဂြိုလ်တုဆက်သွယ်ရေးနည်းပညာထောက်ပံ့မယ့်အကြောင်း ကြေညာခဲ့ပါတယ်။
ဂြိုလ်တုဆက်သွယ်ရေးနည်းပညာပါတဲ့ ဖုန်းတွေဟာ ပုံမှန်ဆယ်လူလာကွန်ရက်တွေ လိုင်းမမိချိန်မျိုးမှာတောင် ဆက်သွယ်လို့ ရနိုင်မှာပါ။ ဒီ Feature ကတော့ အရေးပေါ်အခြေအနေနဲ့ ဆက်သွယ်ရေးပိုင်းမှာ သုံးနိုင်ဖို့ ရည်ရွယ်ထားတာပါ။ ဥပမာ- လေယာဉ်ပျက်ကျတာ ၊ သင်္ဘောနစ်တာနဲ့ တခြားဘေးအန္တရာယ်ကျရောက်ချိန်တွေမှာ Messages App သုံးပြီး ကယ်ဆယ်ရေးတွေနဲ့ အဆက်အသွယ်လုပ်နိုင်တာမျိုး ဖြစ်ပါတယ်။
ဆက်စပ်သတင်းတစ်ခုအရဆို iOS 16 ပေါ်က အထောက်အထားတစ်ခုအရ Apple ဟာ ဒီ Features ကို လုပ်ဆောင်နေပြီဆိုတာ ဖော်ပြနေလို့ iPhone 14 မှာ တကယ်ပဲ Satellite Communication ပါလာမလား။ စက်တင်ဘာ ၇ ရက် ဗုဒ္ဓဟူးနေ့ ည ၁၁ နာရီခွဲမှာ စောင့်မျှော်ရဦးမှာပါ။