အန်းဒရိုက်တွေမှာ သုံးလာတာ ၆ နှစ်ကျော်ရှိလာပြီ ဖြစ်ပါတယ်

Apple ရဲ့ ထိပ်တန်း iPhone တွေမှာ ပထမဆုံးအကြိမ်အနေနဲ့ အများတောင့်တနေတဲ့ feature တစ်ခု ပါလာမယ်လို့ သတင်းပြေးနေပါတယ်။ 

နာမည်ကြီး Bloomberg သတင်းထောက် မာ့ခ်ဂါးမန်းရဲ့ ခန့်မှန်းချက်အရ iPhone 14 Pro စီးရီးဟာ ဖုန်း lock ပိတ်ထားချိန်မှာ နာရီနဲ့ Noti တွေကို ဖော်ပြနိုင်မယ့် Always-On Display (AOD) လုပ်ဆောင်ချက် ပါလာဖို့ ရှိတယ်လို့ ဆိုပါတယ်။ နောက်တစ်ပတ် WWDC ပွဲမှာ မိတ်ဆက်လာဖို့ ရှိတဲ့ iOS 16 Update သစ်နဲ့အတူ AOD Feature ကို မိတ်ဆက်လာနိုင်တယ်လို့လည်း မာ့ခ်ဂါးမန်းက ခန့်မှန်းပါတယ်။ 





မာ့ခ်ဂါးမန်းရဲ့ အဆိုအရ AOD လုပ်ဆောင်ချက်ကို LTPO AMOLED Display ပါတဲ့ iPhone 14 Pro နဲ့ Pro Max တို့အတွက်ပဲ သီးသန့်ထည့်ပေးသွားမယ်လို့ ဆိုပါတယ်။ Pro မော်ဒယ် iPhone 14 စီးရီးရဲ့ Panels တွေဟာ AOD ပါ အချက်အလက်တွေ ဖော်ပြနေချိန်မှာ ဘက်ထရီပါဝါအစား သက်သာစေဖို့ Lock Screen ရဲ့ Refresh Rate ကို 1-10Hz Rate အနိမ့်နဲ့ လျှော့ချထားဖို့လည်း ရှိပါတယ်။ 

AOD Screen ဟာ Apple Watch Face တွေနဲ့ ခပ်ဆင်ဆင် ဖြစ်ဖို့ ရှိပြီး ဒီ feature က ဖုန်းလော့ခ်ဖွင့်စရာ မလိုဘဲ နာရီ ၊ နေ့ရက်အချိန် နဲ့ အရေးကြီးတဲ့ Noti သတင်းအချက်အလက်တွေကို အချိန်တိုင်း ဖော်ပြနိုင်မှာပါ။ ဒီလုပ်ဆောင်ချက်ဟာ OLED panel သုံး ထုတ်ကုန်တွေမှာပဲ အသုံးပြုနိုင်တဲ့ Feature ဖြစ်ပြီး Android ဖုန်းတွေမှာတော့ AOD ဟာ မထူးဆန်းတော့တဲ့ Features အဖြစ် နှစ်အတော်ကြာကတည်းက စတင်အသုံးပြုလာခဲ့တာပါ။ 


တစ်ခါက နာမည်ကျော် Nokia ဖုန်းကုမ္ပဏီဟာ ၂၀၁၀ ခုနှစ်ကတည်းက မျိုးဆက်သစ် AMOLED Symbian ဖုန်းတွေဖြစ်တဲ့ Nokia N8 ၊ C7 ၊ C6-01 နဲ့ E7 တို့မှာ သုံးလာခဲ့တာပါ။ ၂၀၁၃ ခုနှစ်က ထွက်တဲ့ Nokia Lumia Windows ဖုန်းတွေမှာ AOD ဟာ စံ feature တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီနောက်မှာတော့ နာမည်ကြီး Android ဖုန်းကုမ္ပဏီ Samsung က ၂၀၁၆ ထွက် Galaxy S7 စီးရီးကစပြီး AOD Function ကို သုံးလာခဲ့ရာကနေ တခြားထိပ်တန်း အန်းဒရိုက်ဖုန်းတွေမှာလည်း မပါမဖြစ် Feature တစ်ခုအဖြစ် ပါဝင်လာခဲ့ပါတယ်။

Apple အနေနဲ့ ကုမ္ပဏီထုတ် ဖုန်းတွေမှာ OLED display တွေ သုံးလာပေမယ့် အခုထက်ထိ AOD Function သုံးလာခြင်း မရှိသေးပါဘူး။ OLED panel သုံး iPhone 13 Pro မော်ဒယ်တွေမှာ AOD Feature ပါလာမယ်လို့ သတင်းထွက်ခဲ့ပေမယ့် တကယ်တမ်း မိတ်ဆက်လာချိန်မှာတော့ ပါမလာခဲ့ပါဘူး။ iPhone 14 Pro စီးရီးမှာ ကာလရှည် မျှော်လင့်ထားခဲ့တဲ့ AOD feature ပါမလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က