တရားဝင်ပွဲဖိတ်စာကို စောင့်ကြည့်ရမှာပါ

Apple ရဲ့ အရေးပါတဲ့ ဆောင်းဦးပေါက်ထုတ်ကုန်မိတ်ဆက်ပွဲကို လာမယ့် စက်တင်ဘာ ၇ ရက်နေ့မှာ ကျင်းပသွားမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ 

နာမည်ကြီး Bloomberg သတင်းထောက် မတ်ခ်ဂါးမန်းရဲ့ အစီရင်ခံစာထဲမှာ Apple ဟာ လာမယ့် စက်တင်ဘာ ၇ ရက် ဗုဒ္ဓဟူးနေ့မှာ ကုမ္ပဏီရဲ့ထုတ်ကုန်မိတ်ဆက်ပွဲကို ကျင်းပဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။ စက်တင်ဘာထုတ်ကုန်မိတ်ဆက်ပွဲဟာ iPhone 14 မော်ဒယ်တွေနဲ့ Apple Watch Series 8 စမတ်နာရီသစ်တွေ အဓိက ကြေညာသွားမယ့်ပွဲတစ်ပွဲ ဖြစ်လာနိုင်ပါတယ်။





iPhone သစ် မိတ်ဆက်ပွဲအတွက် Apple ဟာ ကြိုပြီး Pre-Record ဗွီဒီယိုရိုက်ကူးရေး လုပ်ဖို့ ပြင်နေတယ်ဆိုပြီး ပြီးခဲ့တဲ့သီတင်းပတ်တွေကတည်းက သတင်းတွေ ထွက်ခဲ့တာပါ။ COVID-19 ကပ်ဘေးက စလို့ Apple ထုတ်ကုန်မိတ်ဆက်ပွဲတွေကို အွန်လိုင်းကနေ Virtual ပဲ ကျင်းပတာ ဖြစ်ပြီး အထူးပုဂ္ဂိုလ်တွေလောက်ပဲ လူကိုယ်တိုင် Apple ရုံးချုပ်မှာ ကျင်းပတဲ့ ထုတ်ကုန်မိတ်ဆက်ပွဲကို တက်ရောက်ဖို့ ဖိတ်ကြားခဲ့တာပါ။ 

အစောပိုင်းက Apple ဟာ လက်လီဝန်ထမ်းတချို့ကို စက်တင်ဘာ ၁၆ ရက် သောကြာနေ့ ထုတ်ကုန်သစ် မိတ်ဆက်ပွဲအတွက် ကြိုပြီး ပြင်ဆင်ထားဖို့ ညွှန်ကြားခဲ့ကြောင်း ဂါးမန်းက ပြောကြားခဲ့ပါတယ်။ စက်တင်ဘာ ၇ ရက်နေ့မှာ ထုတ်ကုန်မိတ်ဆက်ပွဲ ကျင်းပဖြစ်ဖို့ သေချာပြီဆိုရင်တော့ လာမယ့်သီတင်းပတ်ထဲမှာ တရားဝင် ဖိတ်စာတွေ Apple က ပေးပို့လာဖို့လည်း ရှိပါတယ်။ စက်တင်ဘာထုတ်ကုန်မိတ်ဆက်ပွဲမှာ iPhone 14 Lineup ထဲက မော်ဒယ် ၄ မျိုးနဲ့ Apple Watch Series ထဲက မော်ဒယ်သစ် ၃ မျိုး ကြေညာမယ်လို့ ကြားနေရပါတယ်။ 

iPhone 14 စီးရီးရဲ့ မော်ဒယ် ၄ မျိုးမှာ ၆.၁ လက်မ iPhone 14 ၊ ၆.၇ လက်မ iPhone 14 Max ၊ ၆.၁ လက်မ iPhone 14 Pro နဲ့ ၆.၇ လက်မ iPhone 14 Pro Max ဆိုပြီး မိတ်ဆက်လာဖို့ ရှိပါတယ်။ ဒီနှစ်ထဲမှာ iPhone 12 နဲ့ iPhone 13 တို့လို mini ဗားရှင်းတွေ ထွက်လာမှာ မဟုတ်ဘူးလို့လည်း သတင်းတွေထွက်နေပါတယ်။ နောက်ထပ် ကြားနေရတာက‌တော့ Standard ဗားရှင်းတွေ ဖြစ်တဲ့ iPhone 14 နဲ့ iPhone 14 Max တွေဟာ ဒီဇိုင်းနဲ့ Hardware Specs ပိုင်းမှာ အပြောင်းအလဲသိပ်ရှိမှာ မဟုတ်ဘူး ဆိုတာပါပဲ။

Non-Pro မော်ဒယ်တွေဟာ iPhone 13 စီးရီးရဲ့ ဒီဇိုင်း နဲ့ A15 Chipset ကိုပဲ ဆက်သုံးလာနိုင်ပါတယ်။ ကင်မရာစနစ်မှာ အဆင့်မြှင့်တင်လာမလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။ iPhone 14 Pro နဲ့ iPhone 14 Pro Max တို့လို Pro မော်ဒယ်တွေမှာတော့ ကင်မရာပိုင်း ၊ ဘက်ထရီ ၊ ဒီဇိုင်းနဲ့ Chipset စွမ်းဆောင်ရည်တွေမှာ သိသိသာသာကြီး ပြောင်းလဲနိုင်ပါတယ်။ ဒီဇိုင်းပိုင်းမှာ သိသာတဲ့ အပြောင်းအလဲတစ်ခုက Pro မော်ဒယ်ဟာ notch ဒီဇိုင်းအစား ဆေးတောင့်ပုံ နဲ့ Punch-Hole ကင်မရာ Cutout ကို သုံးလာမယ်ဆိုတာပါပဲ။ 

Processor မှာလည်း ၂၀၂၂ ရဲ့ Chipset သစ် A16 Chip နဲ့ လာပြီး Apple ရဲ့ အဆင့်မြင့်ဆုံး 48MP Wide-Angle ကင်မရာစနစ်ကို စတင် အသုံးပြုလာနိုင်ပါတယ်။ ဒီကင်မရာနဲ့အတူ 12MP Ultrawide နဲ့ Telephoto Sensor တွေလည်း ပါလာနိုင်ပါတယ်။ Pro မော်ဒယ်တွေဟာ ဘက်ထရီသက်တမ်း ပိုကောင်းလာမှာ ဖြစ်သလို ဈေးလည်း အရင်ကထက် သိသိသာသာ မြင့်လာဖို့ ရှိပါတယ်။ မကြာသေးခင်က Apple Analyst တစ်ဦးဖြစ်တဲ့ မင်ချိကုအိုရဲ့ အပြောအရဆို iPhone သစ်တွေရဲ့ ပျမ်းမျှရောင်းဈေးဟာ အရင်နှစ်ကထက် ၁၅% အထိ ဈေးပိုကြီးလာမယ်လို့ ဆိုထားပါတယ်။ 




iPhone 14 သစ်တွေနဲ့အတူ Apple Watch သစ်တွေကို လာမယ့် စက်တင်ဘာထုတ်ကုန်မိတ်ဆက်ပွဲမှာ မိတ်ဆက်လာနိုင်ပါတယ်။ Apple Watch Series 8 သစ် နဲ့အတူ ဈေးပိုသက်သာမယ့် Apple Watch SE ဗားရှင်းကိုလည်း ဒီပွဲမှာ ကြေညာနိုင်ပါတယ်။ Apple Watch သစ်တွေထဲမှာ အရေးကြီးတဲ့ ထုတ်ကုန်သစ်အဖြစ် ပိုကြီးတဲ့ ဘော်ဒီ ၊ အဆင့်မြှင့်တင်လာတဲ့ ဒီဇိုင်းနဲ့ အကြမ်းပိုခံအောင် တည်ဆောက်ထားတဲ့ Pro ဗားရှင်းသစ် Apple Watch Rugged မော်ဒယ်လည်း မြင်ရဖို့ရှိပါတယ်။ 

Apple ဟာ စက်တင်ဘာနဲ့ အောက်တိုဘာလတွေမှာ နှစ်ကုန် ဆောင်းဦးပေါက် ထုတ်ကုန်မိတ်ဆက်ပွဲနှစ်ခု ကျင်းပသွားဖို့ ရှိပြီး အောက်တိုဘာထုတ်ကုန်သစ် မိတ်ဆက်ပွဲမှာတော့ တန်ဖိုးနည်း iPad သစ် ၊ အဆင့်မြှင့်ထားတဲ့ iPad Pro မော်ဒယ် နဲ့ Apple Silicon Chip ပါလာတဲ့ Mac Pro သစ်တို့ကို ကြေညာသွားမယ်လို့ မျှော်လင့်ရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က