ကမ္ဘာကျော် iPhone ကုမ္ပဏီရဲ့ ထုတ်လုပ်ရေးနည်းဗျူဟာဟာ တရုတ်ကနေ အိန္ဒိယကို ရွေ့လာပြီ ဖြစ်ပါတယ်။
ဒီတစ်ပတ် တနင်္လာနေ့မှာပဲ အသစ်ထွက် iPhone 14 ကို အိန္ဒိယမှာ စတင်တပ်ဆင်ထုတ်လုပ်နေပြီလို့ Apple က ကြေညာပါတယ်။ အမေရိကန်နည်းပညာကုမ္ပဏီကြီးအနေနဲ့ ထုတ်ကုန်ထုတ်လုပ်မှုအတွက် တရုတ်နိုင်ငံပေါ် မှီခိုနေရာကနေ တခြားနိုင်ငံတွေကို ဖြန့်ကြက်ပြီး အမှီအခို လျှော့ချလာတာလည်း ဖြစ်ပါတယ်။
"အသစ်မိတ်ဆက်လိုက်တဲ့ iPhone 14 စီးရီးဟာ အဆင့်မြင့်နည်းပညာသစ်တွေနဲ့ အရေးပါတဲ့ ဘေးကင်းမှုစွမ်းဆောင်ရည်တွေ ထည့်သွင်းထားပါတယ်။ အိန္ဒိယမှာ iPhone 14 ထုတ်လုပ်ရတာ ကျွန်တော်တို့ စိတ်လှုပ်ရှားမိပါတယ်။" လို့ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အိန္ဒိယနိုင်ငံအတွင်း iPhone သစ် ထုတ်လုပ်မှုကို Apple ရဲ့ အဓိက iPhone တပ်ဆင်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Foxconn က တာဝန်ယူပြီး ချန်နိုင်းမြို့အပြင်ဘက် Foxconn ရဲ့ သျှရီပါရမ်ဘူဒါစက်ရုံမှာ ထုတ်လုပ်ပေးနေတာ ဖြစ်ပါတယ်။ မကြာသေးမီကပဲ ထိုင်ဝမ်နည်းပညာလုပ်ငန်းစု Foxconn ဟာ အိန္ဒိယနိုင်ငံ ဂူဂျာရတ်မှာ ရူပီးကုဋေ ၁.၅၄ သိန်း (ဒေါ်လာ ၁၉.၅ ဘီလျံ) တန် ရင်းနှီးမြှပ်နှံမှုလုပ်ဖို့ အိန္ဒိယသတ္ထုတွင်းတူးဖော်ရေး လုပ်ငန်းစုတစ်ခုဖြစ်တဲ့ Vedanta Resources နဲ့ နှစ်ဖက်သဘောတူလက်မှတ် ရေးထိုးမှု ပြုလုပ်ထားတာပါ။
ကယ်လီဖိုးနီးယားပြည်နယ် ကူပါတီနိုအခြေစိုက် Apple ကုမ္ပဏီဟာ ၂၀၁၇ ခုနှစ်က စလို့ အိန္ဒိယမှာ iPhone တွေ စတင်ထုတ်လုပ်လာတာ ဆိုပေမယ့် ပုံမှန်အားဖြင့် မော်ဒယ်ဟောင်းတွေကိုပဲ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးပေါ် iPhone သစ်ကို အိန္ဒိယနိုင်ငံမှာ ထုတ်လုပ်တာကတော့ ဒီတစ်ကြိမ်ဟာ ပထမဆုံးပဲ ဖြစ်ပါတယ်။ Apple ဟာ စက်တင်ဘာလဆန်းပိုင်းမှာ iPhone 14 သစ်တွေကို မိတ်ဆက်ခဲ့ပြီး မိတ်ဆက်ပွဲရက်မတိုင်ခင်လေးမှာပဲ iPhone မော်ဒယ်သစ်တွေကို အိန္ဒိယမှာ ထုတ်လုပ်သွားမယ့်အကြောင်း သတင်းတွေ ကြားသိခဲ့ရတာပါ။
လောလောဆယ် အိန္ဒိယထုတ် iPhone တွေကို ပြည်တွင်းဈေးကွက်အပြင် ကမ္ဘာ့တခြားဈေးကွက်တွေဆီပါ တင်ပို့ဖို့ ရှိပါတယ်။ အိန္ဒိယသား iPhone ဝယ်ယူသူတွေအတွက်တော့ ပြည်တွင်းထုတ် iPhone တွေကို လာမယ့်ရက်အနည်းငယ်အတွင်းမှာ ဝယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။ JP Morgan က ဘဏ္ဍာရေးသုံးသပ်လေ့လာတဲ့ ကျွမ်းကျင်သူတွေအဆိုအရ Apple ဟာ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ iPhone 14 ထုတ်လုပ်မှုအစုစုရဲ့ ၅% ကို အိန္ဒိယဈေးကွက်ထဲ ပြောင်းရွှေ့ထားပြီး လာမယ့် ၂၀၂၅ ခုနှစ်မှာ iPhone အားလုံးရဲ့ ၂၅% ကို အိန္ဒိယမှာပဲ ထုတ်လုပ်တော့မယ်လို့ ပြောထားပါတယ်။
iPhone ထုတ်လုပ်မှုအတွက် တရုတ်ပေါ် မှီခိုနေရတဲ့ Apple အတွက် အိန္ဒိယမှာ ထုတ်လုပ်မှုလုပ်ဖို့ အာရုံစိုက်လာတာဟာ ထုတ်လုပ်ရေးအတွက် တရုတ်ပေါ် မှီခိုမှုလျှော့ချဖို့အပြင် အိန္ဒိယက ဝယ်လက်ဖောက်သည်တွေကိုပါ ဆွဲဆောင်နိုင်စေဖို့လည်း ရည်ရွယ်ပါတယ်။ အိန္ဒိယအစိုးရကလည်း ပြည်တွင်းထုတ် အီလက်ထရွန်းနစ်ပစ္စည်းတွေပေါ် သက်သာကင်းလွတ်ခွင့်တွေ ပြုထားပါတယ်။ လက်ရှိအချိန်မှာ အိန္ဒိယစမတ်ဖုန်းဈေးကွက်ကို Samsung နဲ့ တရုတ်ဖုန်းကုမ္ပဏီတွေက ကြီးစိုးနေပြီး Apple အတွက် ဈေးကွက်ဝေစုအားနည်းနေပါတယ်။
အိန္ဒိယဟာ ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်းဈေးကွက်ကြီး ဖြစ်ပေမယ့် Apple ဟာ ပြီးခဲ့တဲ့နှစ်အတွင်း အိန္ဒိယမှာ ဈေးကွက်ဝေစုရဲ့ ၃.၈% ပဲ လွှမ်းခြုံနိုင်ခဲ့တာပါ။ ဒါပေမယ့်လည်း ၂၀၂၂ ခုနှစ် ဒုတိယသုံးလပတ်အတွက် ရူပီး ၄၅၀၀၀ (မြန်မာငွေ ၁၂ သိန်းနဲ့အထက်) တန်ဖိုးမြင့်စမတ်ဖုန်းတန်းမှာ Apple ဟာ ရောင်းအားအကောင်းဆုံး စမတ်ဖုန်းကုမ္ပဏီ ဖြစ်ခဲ့ပါတယ်။ iPhone 14 ကိုတော့ အိန္ဒိယဈေးကွက်မှာ ရူပီး ၇၉၉၀၀ (မြန်မာငွေ ၂၅ သိန်းကျော်) ဈေးနဲ့ စတင်ရောင်းချသွားမှာပါ။