အဆင့်မြှင့်တင်မှုတွေ မြင်ရမယ်ဆိုတဲ့ iPhone 14 စီးရီးထဲဟာ အရာရာ စရိတ်စက ကြီးဖို့ ရှိပါတယ်။
တောင်ကိုရီးယားကနေ ထွက်ပေါ်လာတဲ့ သတင်းတစ်ပုဒ်အရ iPhone 14 မှာ ပါတဲ့ Selfie ကင်မရာဟာ အရင်မျိုးဆက် ဆယ်လ်ဖီကင်မရာထက် ၃ ဆလောက် ပိုပြီး ကုန်ကျစရိတ်ရှိနေတယ်လို့ ဆိုပါတယ်။ Apple ဟာ မျိုးဆက်သစ် iPhone တွေအတွက် High-End Selfie ကင်မရာကို တောင်ကိုရီးယားကုမ္ပဏီ LG Innotek နဲ့ ဂျပန်နည်းပညာ Sharp တို့ဆီက မှာယူထားတယ်လို့ သတင်းထွက်နေပါတယ်။
တကယ်လို့ တောင်ကိုရီးယားကုမ္ပဏီဆီကနေ ရှေ့ကင်မရာအတွက် ပစ္စည်းတွေ မှာယူသွားမယ်ဆိုရင် ဒါဟာ iPhone သမိုင်းမှာ တောင်ကိုရီးယားလုပ် Selfie ကင်မရာကို ပထမဆုံး သုံးလာတာ ဖြစ်မှာပါ။ Apple အနေနဲ့ အရင်က တရုတ် Suppliers တွေဆီက ပစ္စည်းအစိတ်အပိုင်းမှာယူမှုတွေ လုပ်ဆောင်ခဲ့ရာကနေ High-End ပစ္စည်းအစိတ်အပိုင်းနဲ့ Quality ပိုင်းဆိုင်ရာ စိုးရိမ်မှုတွေကြောင့် ရှေ့ကင်မရာအတွက် ပစ္စည်းမှာယူမှုကို တခြား Suppliers တွေဆီ ပြန်ခွဲပေးလာတာလို့ ဆိုပါတယ်။
iPhone 14 အတွက် အသစ်မှာထားတဲ့ Selfie ကင်မရာဟာ အရင် iPhone မော်ဒယ်တွေထက် ၃ ဆကျော် ပိုပြီး ကုန်ကျစရိတ်ရှိနေတယ်လို့လည်း MacRumors သတင်းက ဖော်ပြပါတယ်။ နာမည်ကျော် Apple ဈေးကွက်လေ့လာသူ မင်ချိကုအိုရဲ့ အဆိုအရ iPhone 14 ရဲ့ ရှေ့ကင်မရာဟာ ပထမဆုံးအကြိမ်အဖြစ် Autofocus ပံ့ပိုးမှု ပါလာမယ်လို့ ဆိုပါတယ်။ iPhone သစ် ၄ မျိုးလုံးဟာ ရှေ့ကင်မရာကို Autofocus နဲ့ ပိုကျယ်တဲ့ အပါချာ f/1.9 သစ်ကို မြှင့်တင်လာမယ်လို့လည်း သူက ခန့်မှန်းထားတာပါ။
အပါချာပိုကျယ်လာတာကြောင့် မှန်ဘီလူးအတွင်း အလင်းပိုဝင်လာပြီး ရုပ်ထွက်အရည်အသွေးပိုင်းမှာလည်း သိသိသာသာ ပိုကောင်းလာမှာ ဖြစ်ပါတယ်။ ရှေ့ကင်မရာအဆင့်မြှင့်တင်မှုဟာ Portrait Mode နဲ့ ဓါတ်ပုံ/ဗွီဒီယိုတွေ ရိုက်ကူးရာမှာ Depth-Of-Field Effect ပိုကောင်းမွန်လာမယ်လို့လည်း ကုအိုက ပြောပါတယ်။ Autofocus စနစ် ပါလာတာဖြစ်လို့ FaceTime နဲ့ Zoom Video ခေါ်ဆိုမှုတွေမှာ ပိုပြီး Focus မိလာမှာ ဖြစ်ပါတယ်။
LG Innotek ကတော့ စက်တင်ဘာ ထုတ်ကုန်မိတ်ဆက်ပွဲမတိုင်မီ iPhone 14 အတွက် ရှေ့ကင်မရာတွေကို အကြီးအကျယ် ထုတ်လုပ်မှုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။