၂၀၂၃ ခုနှစ်က စပြီး ကလစ်နှိပ်လို့ရမယ့် ခလုတ်တွေကို iPhone တွေမှာ ဆက်သုံးလာဖို့ မရှိတော့ပါဘူး။
Supply Chain ရေးရာ ဆန်းစစ်လေ့လာသူ မင်ချိကုအိုကတော့ iPhone 15 Pro နဲ့ Pro Max တွေမှာ ကလစ်နှိပ်နိုင်မယ့် ပါဝါနဲ့ အသံတိုး/လျှော့ခလုတ်တွေ နေရာမှာ iPhone 7 တုန်းကလို Solid-State ခလုတ်တွေနဲ့ ပြောင်းလဲအသုံးပြုလာမယ်လို့ ဆိုပါတယ်။ မင်ချိကုအိုရဲ့ အဆိုအရ ဖုန်းဘယ်ဘက်ဘေးဘောင်မှာ ရှိတဲ့ အသံတိုးလျှော့ နဲ့ ညာဘေးဘောင်က ပါဝါခလုတ်တွေမှာ Solid-State ခလုတ်တွေ ပါလာမယ်လို့ ပြောပါတယ်။
Photo: elespectador
Apple ဟာ iPhone 7 မှာ Solid-State Button ပုံစံကို ပထမဆုံး အသုံးပြုလာတာပါ။ နောက်ပိုင်းထွက် MacBooks သစ်တွေမှာ ပါလာတဲ့ Trackpad ကလည်း အကြီးစား Solid-State ခလုတ်တစ်ခုလို အသုံးပြုနိုင်အောင် တီထွင်ထားပါတယ်။ ခလုတ်ကို ဖိလိုက်တာနဲ့ အထိအတွေ့တုံ့ပြန်မှုပေးနိုင်တဲ့ မော်တာအသေးစားပါဝင်တဲ့ Apple ရဲ့ Taptic Engine နည်းပညာကို အသုံးပြုထားတာပါ။ မင်ချိကုအိုကတော့ ၂၀၂၃ ထွက် Pro မော်ဒယ် iPhone သစ်တွေမှာ ဘယ်ဘက်နဲ့ ညာဘက်တွေမှာ Taptic Engine တစ်ခုစီ တပ်ဆင်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ခေတ်ပေါ် iPhone တွေမှာတော့ Display ကို Tap ထိတဲ့အခါမှာ အထိအတွေ့သိတုန်ခါမှုပေးနိုင်တဲ့ Taptic Engine တစ်ခု ပါရှိပါတယ်။ နောက်အသစ်ထွက်လာမယ့် ခလုတ်တွေရဲ့ ဒီဇိုင်းနဲ့ လက်ရှိခလုတ်တွေ ဘာကွာမလဲဆိုတာတော့ မသိရသေးပါဘူး။ အဆင့်မြင့် High-End ကျတဲ့ အန်းဒရိုက်စမတ်ဖုန်းတွေဟာ Apple ရဲ့ ဒီဇိုင်းအတိုင်း Solid-State Buttons စနစ်ကို ပြောင်းလဲလာနိုင်တယ်လို့ မင်ချိကုအိုက ပြောထားပါတယ်။
Photo: 9to5Mac
၂၀၂၃ မော်ဒယ် iPhone သစ်တွေမှာ နောက်ထပ် တွေ့လာရမယ့် အပြောင်းအလဲတစ်ခုက USB-C စနစ်ပဲ ဖြစ်ပါတယ်။ Apple ရဲ့ ကမ္ဘာလုံးဆိုင်ရာမားကတ်တင်းပိုင်း အကြီးတန်း ဒုဥက္ကဌ ဂရက် ဂျော့စ်ဝိခ်ကလည်း နောက်ပိုင်း iPhone တွေမှာ USB-C ပြောင်းလာမယ်လို့ အတည်ပြုပါတယ်။ သတင်းတွေအရ ၂၀၂၃ ထွက် Pro မော်ဒယ် iPhone သစ်တွေမှာ A17 Bionic Chipset သစ် ၊ အဆင့်မြှင့်လာတဲ့ Telephoto Lens နဲ့ RAM 8GB အထိ ပါလာနိုင်တယ်လို့ ဆိုပါတယ်။