iPhone SE 2 (ဒါမှမဟုတ်) iPhone 9 လို့ ခေါ်သွားမယ့် တန်ဖိုးသင့် iPhone သစ်အကြောင်း hands-on ဗွီဒီယိုတစ်ခု တက်လာပါတယ်။
iPhone 9 ဗွီဒီယိုဟာ TikTok ပေါ်မှာ တက်လာတာ ဖြစ်ပြီး ပေါက်ကြားထားတဲ့ သတင်းတွေအတိုင်းရော မထင်မှတ်ထားတာတွေပါ မြင်ခဲ့ရပါတယ်။ iPhone 8 ဒီဇိုင်း သုံးမယ်လို့ သတင်းထွက်ခဲ့တဲ့ ဒီဖုန်းဟာ အထက်နဲ့ အောက်ခြေတွေမှာ bezel ကို ဆက်သုံးထားပြီး စိမ်းပြာနုကာလာနဲ့ ထွက်လာတာပါ။
TouchID home button ခလုတ်တစ်ခု ပါရှိပြီး ထူးခြားတာက iPhone 4 ဒီဇိုင်း flat metal edges ဘောင်အနားသတ်တွေနဲ့ လာဖို့ ရှိပါတယ်။ အခုနောက်ပိုင်း ထွက်လာတဲ့ iPhone မော်ဒယ်အကုန်လုံးဟာ ကွေးညွှတ်ထားတဲ့ အနားဘောင်တွေ သုံးထားတာ ဖြစ်လို့ iPhone 9 ရဲ့ ဒီဇိုင်းဟာ နောက်ဆုံးပေါ် iPhone မော်ဒယ်တွေအကြားမှာ ကွဲပြားနေမှာပါ။
ကိုယ်ထည်တစ်ခုလုံးဟာ iPhone 8 စတိုင် ရှေ့နောက် မှန်နဲ့ ဖွဲ့စည်းထားပြီး ကျောဘက်မှာ ကင်မရာ တစ်လုံးတည်း သုံးထားတာ တွေ့ရပါတယ်။ headphone port မပါတော့ဘဲ ခလုတ်ဒီဇိုင်းတွေကလည်း iPhone 8 ပုံစံ ထုတ်ထားပါတယ်။ သတင်းတွေမှာ iPhone 9 ဟာ iPhone 11 စတိုင် A13 Bionic chip သုံးသွားဖို့ ရှိပြီး ၃၉၉ ဒေါ်လာဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။
Apple ဟာ မတ်လ ၃၁ ရက်နေ့မှာ ပွဲတစ်ခု ကျင်းပသွားဖို့ ရှိပြီး ဒီပွဲမှာ iPhone 9 ကို မိတ်ဆက်ပြသသွားမယ်လို့ သတင်းထွက်ထားပါတယ်။ ဈေးကွက်ထဲကိုတော့ လာမယ့် ဧပြီ ၃ ရက်နေ့မှာ ရောင်းချသွားမယ်လို့လည်း မျှော်လင့်နေကြပါတယ်။