Apple ဟာ ဇန်နဝါရီကနေ မတ်လအထိ သုံးလပတ် ကာလအတွင်း နှစ်အလိုက် စမတ်ဖုန်း တင်ပို့ရောင်းချမှုမှာ ၃၀% ကျော်အထိ ကျဆင်းခဲ့ပါတယ်။
နိုင်ငံတကာ အချက်အလက် ကော်ပိုရေးရှင်း IDC ရဲ့ အဆိုအရ ၂၀၁၉ ပထမ ၃ လပတ်ဖြစ်တဲ့ ဇန်နဝါရီကနေ မတ်လအထိ သုံးလအတွင်း ကမ္ဘာ့စမတ်ဖုန်းရောင်းအားဟာ ၆.၆% အထိ ကျဆင်းခဲ့သလို iPhone ရောင်းအားလည်း အကြီးအကျယ် ကျဆင်းခဲ့တယ်လို့ဆိုပါတယ်။ 9To5Mac မှာ ဖော်ပြချက်အရ ၂၀၁၉ ပထမ ၃ လပတ်မှာ စမတ်ဖုန်းစုစုပေါင်း ၃၁၀.၈ သန်း တင်ပို့ရောင်းချနိုင်ခဲ့ပြီး ကမ္ဘာ့ဖုန်းဈေးကွက်ဟာ သုံးလပတ် ၆ ခါ ဆက်တိုက် ရောင်းအားကျနေတာပါ။
Photo: 9to5Mac
IDC ရဲ့ ထုတ်ပြန်ချက် မထွက်ခင် ပြီးခဲ့တဲ့ ဧပြီလလယ်လောက်က Apple ဟာ ၂၀၁၉ ပထမ ၃ လ ပတ်အတွင်း iPhone ပေါင်း ၃၇ သန်းကနေ ၄၂ သန်းပဲ ရောင်းချရဖွယ် ရှိမ်ယလို့မီဒီယာသုတေသနကုမ္ပဏီ OTR Global မှ ခန့်မှန်းထားပါတယ်။ Wall Street ကျွမ်းကျင်သူတွေကတော့ iPhone အလုံးရေ သန်း ၄၀ ကနေ ၄၅ သန်း အထိ ရောင်းချရမယ်လို့ခန့်မှန်းခဲ့ပေမယ့် တကယ်တမ်းမှာတော့ iPhone ရောင်းအားဟာ ထင်တာထက် ဆိုးရွားနေခဲ့ပါတယ်။
Apple ဟာ ပြီးခဲ့တဲ့နှစ် ပထမ ၃ လပတ်က စမတ်ဖုန်းပေါင်း ၅၂.၂ သန်း တင်ပို့ရောင်းချနိုင်ခဲ့တာ ဖြစ်ပြီး ဒီနှစ်မှာ စမတ်ဖုန်းပေါင်း ၃၆.၄ သန်းပဲ ရောင်းချနိုင်ခဲ့တာဖြစ်ပါတယ်။ Apple နဲ့အနီးကပ်ဆုံး ပြိုင်ဘက် Huawei ကတော့ စမတ်ဖုန်းရောင်းအား တက်မြဲတက်နေတဲ့ ရှားရှားပါးပါး စမတ်ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီ စာရင်းမှာ ပါနေပြီး နှစ်အလိုက် ရောင်းအားာမှာ ၅၀.၃% အထိ တက်လာတယ်လို့ဆိုပါတယ်။
၂၀၁၉ ပထမ သုံးလပတ် စမတ်ဖုန်း တင်ပို့မှုအရ Huawei ဟာ စမတ်ဖုန်းပေါင်း ၅၉.၁ သန်း ရောင်းချနိုင်ခဲ့ပြီး ဈေးကွက်ဝေစုရဲ့ ၁၉% နဲ့Apple ကို ကျော်ဖြတ်ပြီး ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်း maker နေရာမှာ ရပ်တည်နေပါတယ်။ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီ Samsung ဟာ နှစ်အလိုက် ဖုန်းရောင်းအား ၈.၁% ကျဆင်းခဲ့ပြီး စုစုပေါင်း စမတ်ဖုန်းအလုံးရေ ၇၁.၉ သန်း ရောင်းချခဲ့တယ်လို့ဆိုပါတယ်။
Photo: The Wall Street Journal
IDC ရဲ့ ၂၀၁၉ ပထမ ၃ လပတ် စမတ်ဖုန်းရောင်းအားမှာ Vivo ဟာ ရောင်းအား ၂၄% တက်လာပြီး ကျန်တဲ့ Xiaomi ၊ OPPO နဲ့တစ်ခြားဖုန်း ကုမ္ပဏီတွေလည်း ရောင်းအား အကျဘက်ကို ပြနေခဲ့ပါတယ်။ ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းကုမ္ပဏီ ၅ ခု စာရင်းမှာတော့ Samsung ၊ Huawei နဲ့Apple တို့ရဲ့ နောက်မှာ Xiaomi ၊ Vivo နဲ့OPPO တို့ရှိနေတာကြောင့် တရုတ် ဖုန်းကုမ္ပဏီတွေဟာ ကမ္ဘာ့ စမတ်ဖုန်းဈေးကွက်မှာ အခိုင်အမာ ကြီးစိုးနေတဲ့ သဘော ဖြစ်ပါတယ်။
တရုတ်နဲ့ဂျပန်လို နိုင်ငံခြားဈေးကွက်တွေမှာ iPhone ဈေး လျှော့ချခဲ့ပေမယ့် ရောင်းအားသိသိသာသာ တက်မလာတာဟာ 5G နဲ့Foldable ဖုန်းတွေ ထုတ်လာတဲ့ ပြိုင်ဘက်တွေရဲ့ ခြေလှမ်းကြောင့် ဖြစ်တယ်လို့IDC မှ ဈေးကွက် ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။