ဒီနှစ်ထဲ iPhone တွေ ရောင်းအားကျသွားပြီဆိုပေမယ့် ဈေးအနည်းဆုံး iPhone XR ကတော့ ရောင်းကောင်းတဲ့ iPhone စာရင်းမှာ ပါနေပါတယ်။
Photo: GSMArena
စားသုံးသူ စုံစမ်းရေးသုတေသနပါတနာများ CIRP ဟာ iPhone ရောင်းအားနဲ့ပတ်သက်ပြီး အစီရင်ခံစာသစ်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ ဈေးကွက်ထဲ မိတ်ဆက်ပြီးနောက် iPhone တွေရဲ့ တစ်လတာ ရောင်းအားကို ထုတ်ပြန်ခဲ့တာပါ။
Apple အနေနဲ့ဖုန်းအလုံးရေ ဘယ်လောက် ရောင်းချခဲ့ရသလဲ ဆိုတာကို ကိန်းဂဏန်းအလိုက် အတိအကျမထုတ်ပြန်တော့တာကြောင့် နိုဝင်ဘာလထဲမှာ iPhone ဘယ်လောက် ရောင်းချခဲ့ရတယ်ဆိုတာ မသိရပါဘူး။ CIRP ကတော့ iPhone XR ဈေးကွက်ထဲ ရောက်လာပြီးနောက် တစ်လတာ ရောင်းအားဟာ iPhone အားလုံး ရောင်းအားရဲ့ ၃၂% အထိ ရှိလာခဲ့တယ်လို့ခန့်မှန်းထားပါတယ်။
ယှဉ်ကြည့်မယ်ဆိုရင် iPhone XS နဲ့XS Max မော်ဒယ်နှစ်မျိုးပေါင်းရဲ့ ရောင်းအားဟာ Apple ဈေးကွက်ဝေစုတစ်ခုလုံးရဲ့ ၃၅% ပဲ ရှိခဲ့တာ ဖြစ်ပါတယ်။ iPhone XR မိတ်ဆက်ပြီးနောက် အန်းဒရိုက်ဖုန်းကိုင်လာရာကနေ iPhone ကို ပြောင်းကိုင်ခဲံသူဦးရေဟာ ၁၆% ထိ တက်လာတယ်လို့ဆိုပါတယ်။ အရင်နှစ်က မိတ်ဆက်ခဲ့တဲ့ iPhone 8/8 Plus တို့မှာတော့ အန်းဒရိုက်ကနေ iPhone ပြောင်းကိုင်သူဟာ ၁၂% ပဲ ရှိခဲ့တာပါ။
၂၀၁၇ ခုနှစ်က iPhone X ကို ဈေးကွက်မှာ မိတ်ဆက်ခဲ့ပြီးနောက် ပထမဆုံး လမှာ ဒီဖုန်းရဲ့ ရောင်းအားဟာ တစ်ခြား iPhone မော်ဒယ်တွေရဲ့စုပေါင်း ရောင်းအားထက် ၃၀% ထိရှိခဲ့ပါတယ်။ ဒီအချက်အကို ကြည့်မယ်ဆိုရင် ဒီနှစ်ရဲ့ ဈေးအနည်းဆုံး iPhone XR ဟာ iPhone X ထက် ဈေးကွက်မှာ ပိုပြီး နေရာရထားတဲ့ သဘောပါပဲ။ သို့သော်လည်း ကိန်းဂဏန်းအတိအကျ ရောင်းအားမသိရတာကြောင့် ဒီအချက်တွေကို အတည်ပြုလို့လည်း မရသေးပါဘူး။
ဒီနှစ်ထဲမှာပဲ ကမ္ဘာ့ဒုတိယအကြီးဆုံး နေရာက ဆင်းပေးလိုက်ရတဲ့ Apple ဟာ အရောင်းထိုင်းနေတဲ့ iPhone မော်ဒယ်သစ်တွေကြောင့် စက်ရုံတွေကနေ iPhone ထုတ်လုပ်မှုအမှာစာ လျှော့ချနေရတယ်လို့သတင်းတွေမှာ ဖော်ပြနေပါတယ်။ တစ်ဘက်မှာလည်း ထုတ်လုပ်မှု ရပ်ဆိုင်းထားတဲ့ iPhone X ကို ပြန်ထုတ်မယ်လို့သတင်းတွေ ထွက်နေပါတယ်။
Photo: Engadget
Apple နဲ့အနီးကပ်ဆုံး ပြိုင်ဘက်တစ်ဖြစ်လဲ ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီဖြစ်လာတဲ့ Huawei ကတော့ ဒီဇင်ဘာ ၂၅ ရက်နေ့က ၂၀၁၈ ခုနှစ် စမတ်ဖုန်းရောင်းအား သန်း ၂၀၀ ကျော်ပြီလို့ကြေငြာသွားပါတယ်။