iPhone သုံးစွဲသူတွေအတွက် ကိုယ့်ဘာသာ ဖုန်းပြုပြင်နိုင်မယ့် Self-Service Repair အစီအစဉ်ကို Apple က ကြေညာလိုက်ပါတယ်။
ဒီအစီအစဉ်ဟာ iPhone ဝယ်ထားသူတွေ Apple ထုတ် Original အပိုပစ္စည်းနဲ့ Tools တွေ သုံးပြီး ကိုယ့်ဘာသာ ဖုန်းပြင်ခွင့်ပေးထားတာ ဖြစ်ပါတယ်။ Self-Service Repair အစီအစဉ်ကို လာမယ့် ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး အမေရိကန်မှာ စတင် မိတ်ဆက်သွားမှာ ဖြစ်ပြီး နောက်ပိုင်းမှာ တခြားနိုင်ငံတွေကိုလည်း တိုးချဲ့သွားမယ်လို့ ဆိုပါတယ်။
Photo: MacRumors
ထွက်တာမကြာသေးတဲ့ iPhone 12 နဲ့ iPhone 13. စီးရီးတွေအတွက် ဘက်ထရီ ၊ Screen နဲ့ ကင်မရာစတဲ့ အပိုပစ္စည်းတွေနဲ့ Tools အမျိုးအစားပေါင်း ၂၀၀ ကျော်ကိုလည်း Apple ရဲ့ Repair Store သစ်မှာ ရောင်းချသွားမယ်လို့ BBC သတင်းမှာ ဖော်ပြထားပါတယ်။ နောက်ပိုင်းမှာ Self Service Repair အစီအစဉ်က ပံ့ပိုးမယ့် ထုတ်ကုန်နဲ့ ပြုပြင်မှုတွေကို တိုးချဲ့သွားဖို့လည်း ရှိပါတယ်။
ပထမအဆင့်အနေနဲ့ iPhone တွေမှာ Service အများဆုံး ပေးရတဲ့ Display ၊ ဘက်ထရီနဲ့ကင်မရာတွေလို အစိတ်အပိုင်းတွေပေါ် အာရုံစိုက်သွားမှာ ဖြစ်ပြီး နောက်နှစ်တွေမှာ ဒီထက်ပိုပြီး ပြင်နိုင်မယ့် Services အမျိုးအစားတွေပါ ထပ်တိုးသွားမှာပါ။ Apple ထုတ် M1 chips သုံး MacBook Air ၊ ၁၃ လက်မ MacBook Pro ၊ Mac mini နဲ့ ၂၄ လက်မ iMac စတဲ့ Mac ထုတ်ကုန်တွေလည်း ဒီအစီအစဉ်မှာ အကျုံးဝင်မှာ ဖြစ်ပါတယ်။
Self-Service Repair အစီအစဉ်ဟာ အီလက်ထရွန်းနစ်ပစ္စည်းတွေ ပြင်တတ်တဲ့ အတွေ့အကြုံရှိသူ Technician တစ်ဦးချင်းအတွက် ရည်ရွယ်တယ်လို့လည်း ကုမ္ပဏီက ပြောပါတယ်။
“Apple ထုတ် အရည်အသွေးစစ်မှန်တဲ့ ပစ္စည်းတွေ အဆင်ပြေပြေ ဝယ်နိုင်အောင် ဖန်တီးပေးခြင်းအားဖြင့် ပြင်ဖို့ လိုအပ်လာရင် ဖောက်သည်တွေအတွက် ရွေးစရာတွေ ပိုရလာမှာပါ။”လို့ Apple COO ဖြစ်သူ ဂျက်ဖ်ဝီလျံက ဆိုပါတယ်။
Photo: Vox
အမေရိကန်က ဒါဇင်နဲ့ချီတဲ့ ပြည်နယ်တွေဟာ ပစ္စည်းပြုပြင်ပိုင်ခွင့် Right-To-Repair ဥပဒေအဆိုပြုထားပြီး ဒီဥပဒေအပေါ် Apple က ကန့်ကွက်ထားပါတယ်။ ၂၀၁၉ ခုနှစ်ကပဲ ကယ်လီဖိုးနီးယားဥပဒေပြုအမတ်တွေကို Apple ဘက်က လျှောက်လှဲချက်ပေးရာမှာ ဖောက်သည်ကိုယ်တိုင် ဖုန်းပြင်ရင်း iPhone ထဲက လစ်သီယံအိုင်ယွန်ဘက်ထရီ မတော်တဆထိခိုက်မှုကြောင့် မီးလောင်နိုင်ကြောင်း ပြောခဲ့ပါတယ်။
တရားမဝင် ဖုန်းပြင်မှုတွေကြောင့် ဖုန်း လုံခြုံရေးနဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်ဆိုင်ရာ ချိုးဖောက်မှုတွေ ဖြစ်နိုင်တယ်လို့လည်း Apple က သတိပေးထားပါတယ်။ Apple ဘက်က ဘယ်လိုပဲ ပြောပြော Right-To-Repair လှုပ်ရှားမှုကို အိမ်ဖြူတော်က ထောက်ခံထားပြီး ဇူလိုင်လထဲမှာ သမ္မတဂျိုးဘိုင်ဒန်က သမ္မတအမိန့်နဲ့ ဥပဒေအဆိုတင်ခွင့်ပြုခဲ့ပါတယ်။
Share