5G မော်ဒယ် iPhone SE သစ်ဟာ SE ဗားရှင်း iPhone တွေထဲမှာ RAM 4G ပထမဆုံး သုံးလာတဲ့ ဖုန်း ဖြစ်လာပါတယ်။
MacRumors က ရလိုက်တဲ့ Xcode 13.3 Release Candidate ထဲက strings တွေအရ ဒုတိယမျိုးဆက် ၂၀၂၀ မော်ဒယ် iPhone SE မှာ RAM 3GB သုံးခဲ့ရာကနေ iPhone SE 5G သစ်မှာ RAM ပမာဏ မြှင့်လာတာ ဖြစ်ပါတယ်။ ဒီဇိုင်းပိုင်းမှာ အရင်မော်ဒယ်နဲ့ အတူတူ TouchID ပါ ဒီဇိုင်းဟောင်းကို သုံးခဲ့ပေမယ့် iPhone 13 စီးရီးမှာ သုံးတဲ့ Apple A15 Bionic Chipset သုံးလာခဲ့တာပါ။
၂၀၂၀ ဗားရှင်းထက် RAM 1GB ပိုများလာတာကလည်း iPhone 13 နဲ့ အတူတူပဲလို့ ပြောနိုင်ပါတယ်။ iPhone 13 Pro နဲ့ 13 Pro Max တို့ကတော့ 6GB အထိ ပါလာတာပါ။ အခုနောက်ပိုင်း အန်းဒရိုက်ဖုန်းတွေကတော့ RAM 12 GB အထိ ပါလာလို့ မထူးခြားဘူး ဆိုပေမယ့် Apple ဖုန်းတစ်လုံးအတွက် RAM 4GB ဆိုတာ အတော်လေး များတယ်လို့ ပြောနိုင်ပါတယ်။
မတ်လ ၁၁ နေ့က စပြီး Pre-Order မှာနိုင်မယ့် iPhone SE သစ်ဟာ 5G ဖုန်းတစ်လုံးအနေနဲ့ ထွက်လာတာ ဖြစ်ပြီး အရင်နှစ် iPhone SE မော်ဒယ်တွေထက် ဒေါ်လာ ၃၀ ပိုဈေးကြီးပါတယ်။ ဒေါ်လာ ၄၃၀ နှုန်းထား ဖြစ်လို့ မြန်မာငွေ ၇ သိန်းခွဲ အနည်းဆုံး ရှိမှာပါ။
၄.၇ လက်မ display ၊ TouchID ပါ Home Button ၊ 12MP ကင်မရာ တို့နဲ့လာပြီး Memoryအပြင် Performance ပိုင်းလည်း မြှင့်ထားတဲ့ iPhone SE မော်ဒယ်သစ်ကို အမေရိကန် ၊ ဩစတြေးလျ ၊ ကနေဒါ ၊ တရုတ် ၊ ပြင်သစ် ၊ ဂျာမနီ ၊ အိန္ဒိယ ၊ ဂျပန် ၊ ယူကေ နဲ့ တခြားနိုင်ငံဒေသ ၃၀ ကျော်မှာ Pre-Order မှာနိုင်မယ်လို့ ဆိုပါတယ်။