ကုမ္ပဏီရဲ့ Chat Robot မူပိုင်ခွင့် ချိုးဖောက်တာကြောင့်လို့ ပြောပါ

iPhone 13 သစ် မိတ်ဆက်ဖို့ ရက်နီးကပ်လာချိန်မှာ တရုတ်နိုင်ငံအတွင်း iPhone ထုတ်လုပ်ရောင်းချမှု ရပ်တန့်ဖို့ Xiao-i ဆိုတဲ့ တရုတ်ကုမ္ပဏီတစ်ခုက တရားစွဲထားပါတယ်။

           တရုတ် AI ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Xiao-i Robot ဆိုတဲ့ ကုမ္ပဏီက Apple ထုတ်ကုန်တွေရဲ့ Siri သုံးစွဲမှုဟာ ကုမ္ပဏီရဲ့ နည်းပညာမူပိုင်ခွင့်ကို ချိုးဖောက်တယ်ဆိုပြီး တရားစွဲလိုက်တာ ဖြစ်တယ်လို့ South China Morning Post သတင်းက ဖော်ပြထားပါတယ်။ Xiao-i Robot လို့ခေါ်တဲ့ Shanghai Zhizhen Intelligent Network Technology ရဲ့ အဆိုအရ Apple ရဲ့ Intelligent Assistant (IA) ဟာ ကုမ္ပဏီပိုင်ဆိုင်ထားတဲ့ Chat Robot မူပိုင်ခွင့်ကို ချိုးဖောက်မှုရှိတယ်လို့ စွပ်စွဲထားတာပါ။




Photo: 9to5mac

           အရင်နှစ်ကလည်း ဒီကုမ္ပဏီဟာ တရုတ်နိုင်ငံအတွင်း Siri သုံးတဲ့ ထုတ်ကုန်တွေ ရောင်းချမှု ပိတ်ပင်ဖို့ တောင်းဆိုခဲ့ပေမယ့် အောင်မြင်ခြင်း မရှိခဲ့ပါဘူး။ Virtual Assistant ဆိုင်ရာ မူပိုင်ခွင့်ချိုးဖောက်တယ်ဆိုပြီး Shanghai Zhizhen Intelligent Network Technology ဟာ Apple ဆီက ယွမ် ၁၀ ဘီလျံ (ဒေါ်လာ ၁.၄၃ ဘီလျံ) ရလိုမှုနဲ့ ရှန်ဟိုင်းတရားရုံးမျာ တရားစွဲခဲ့တာပါ။

           တရားစွဲမှုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဒီမူပိုင်ခွင့်သုံးထားတဲ့ Apple ထုတ်ကုန်များ ‌ရောင်းချခြင်းနဲ့ ထုတ်လုပ်မှု ရပ်တန့်ဖို့ပါ တရားရုံးကို Shanghai Zhizhen ကုမ္ပဏီက တောင်းဆိုထားတာပါ။ အမှုကနဦးပိုင်းမှာ မူပိုင်ခွင့်အပေါ် တရားစွဲမှု ပယ်ဖျက်ဖို့ Apple ဘက်က တရားရုံးကို လျှောက်ထားခဲ့ပေမယ့် တရားသူကြီးက ပယ်ချခဲ့ပြီး Xiao-i ဘက်က အမိန့်ချဖို့ လျှောက်ထားရာမှာလည်း တရားရုံးက ခွင့်မပြုခဲ့တာကြောင့် Siri ဟာ မူပိုင်ခွင့်ချိုးဖောက်တယ် မဖောက်ဘူးဆိုတာ မေးခွန်းတန်းလန်းနဲ့ ကျန်ခဲ့တာ ဖြစ်ပါတယ်။

           SCMP သတင်းအရ Xiao-i Robot ဟာ ပြီးခဲ့တဲ့ သောကြာနေ့မှာ ရှန်ဟိုင်းအထက်တရားရုံးကို Siri ပါတဲ့ iPhone ၊ iPad စတဲ့ ထုတ်ကုန်တွေ ထုတ်လုပ် တင်ပို့ ရောင်းချမှု ပိတ်ပင်ကြောင်း အမိန့်ထုတ်ဖို့ တောင်းဆိုထားတယ်လို့ ဆိုပါတယ်။ နောက်တစ်ပတ် အင်္ဂါနေ့မှာ ကမ္ဘာ့တန်ဖိုးအကြီးဆုံးကုမ္ပဏီတစ်ခုဖြစ်တဲ့ Apple ဟာ ကုမ္ပဏီရဲ့ နောက်ဆုံးပေါ် iPhone 13 သစ်ကို ဖြန့်ချိတော့မှာပါ။


Photo: Tech Crunch


           Xiao-i Robot အမှုဆောင်အရာရှိချုပ် Yuan Hui ကတော့ Apple ဟာ ကုမ္ပဏီရဲ့ ဉာဏမူပိုင်ခွင့်ကို လေးစားမှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။ "မူပိုင်ခွင့် ချိုးဖောက်တာကို Apple အနေနဲ့ ချက်ချင်း ရပ်ပြီး ဒီနည်းပညာသုံးထားတဲ့ ထုတ်ကုန်တွေ ဖြုတ်ချပါ။ ရောင်းတာကိုလည်း ရပ်လိုက်ပါ"လို့ သူက ပြောပါတယ်။

           အမှုရင်ဆိုင်ချိန်မှာ အရောင်းနဲ့ ထုတ်လုပ်မှု ရပ်ဆိုင်းဖို့ တရားရုံးအနေနဲ့သာ အမိန့်ထုတ်မယ်ဆိုရင်တော့ Apple ရဲ့ supply chain ဘက်မှာ အကြီးအကျယ် ထိခိုက်မှု ရှိလာနိုင်ပါတယ်။ ဒီလထဲ ထွက်မယ့် iPhone 13 ကို တိုက်ရိုက် မသက်ရောက်တောင် နောက်လာမယ့် iPhone တွေမှာ ထိခိုက်မှု ရှိလာနိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က