iPhone သစ်တွေကို အမေရိကန်မှာ ၇၉၉ ဒေါ်လာဈေးနဲ့ ရောင်းချနေပေမယ့် တချို့နိုင်ငံတွေမှာတော့ တရားဝင်ကြေညာတဲ့ဈေးထက် နှစ်ဆကျော်ပိုပေးနေရတာတွေ ရှိပါတယ်။
ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးဖုန်းတွေ ထုတ်လုပ်နေတဲ့ Apple ကုမ္ပဏီရဲ့ နောက်ဆုံးပေါ် iPhone 14 သစ်တွေကို ဝယ်မယ်ဆိုရင် အနည်းဆုံး ၇၉၉ ဒေါ်လာကနေ အမြင့်ဆုံး ဒေါ်လာ ၁၆၀၀ ပိုက်ဆံသုံးဖို့ လိုပါတယ်။ တူရကီနိုင်ငံမှာတော့ iPhone သစ်တွေရဲ့ ဈေးနှုန်းဟာ Apple က တရားဝင်ကြေညာထားတဲ့ ဈေးရဲ့ ၂ ဆကျော်အထိ ရှိတယ်လို့ ဆိုပါတယ်။ တူရကီမှာ iPhone 14 တစ်လုံးကို အနိမ့်ဆုံး ၁၆၉၉ ဒေါ်လာ (မြန်မာငွေ ပေါက်ဈေး သိန်း ၆၀ နီးပါး) ကနေ စတင်ရောင်းချနေကြပါတယ်။
အမေရိကန်မှာဆိုရင် ၇၉၉ ဒေါ်လာ ကျသင့်မယ့် iPhone မော်ဒယ်ပါ။ ကမ္ဘာပေါ်က နည်းပညာ gadgets ပစ္စည်းတွေရဲ့ ဈေးနှုန်းကို နှိုင်းယှဉ်ပြတဲ့ Nukeni ဝက်ဘ်ဆိုက်ကို ကိုးကားပြီး 9to5Mac က ပြန်ဖောက်သည်ချထားတာ ဖြစ်ပါတယ်။ Nukeni ဟာ နိုင်ငံပေါင်း ၃၇ နိုင်ငံက iPhone 14 ဈေးတွေကို မော်ဒယ် နဲ့ Memory အရွယ်အစားအလိုက် နှိုင်းယှဉ်ပြထားတာပါ။ ဒီလို နှိုင်းယှဉ်ပြရာမှာ တူရကီဈေးကွက်ဟာ iPhone 14 မော်ဒယ်တွေမှာ Models အရရော ၊ Memory Size အရပါ ဈေးအကြီးဆုံးနိုင်ငံလို့ ဆိုပါတယ်။
အရင်က iPhone ဆိုရင် ဘရာဇီးက ဈေးအတင်ဆုံးနိုင်ငံ ဖြစ်ပါတယ်။ ဘရာဇီးမှာ ရောင်းတဲ့ iPhone ဈေးဟာ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးဖြစ်ခဲ့ရာကနေ ဒီနှစ်တော့ တူရကီနိုင်ငံက iPhone 14 ဈေးအကြီးဆုံးနိုင်ငံအဖြစ် စံချိန်တင်သွားတာပါ။ ဥပမာအနေနဲ့ တူရကီမှာ 128GB မော်ဒယ် iPhone 14 Pro သစ်ဟာ ၂၁၉၄ ဒေါ်လာ (လက်ရှိမြန်မာငွေ ပေါက်ဈေးနဲ့ဆို မြန်မာငွေ ၇၅ သိန်းကျော်) ပေါက်ပါတယ်။ အမေရိကန်ဈေးကွက်မှာ 128 GB မော်ဒယ် iPhone 14 Pro သစ်တွေကို ၉၉၉ ဒေါ်လာ (မြန်မာငွေ ၃၅ သိန်းဝန်းကျင်) ဈေး ရှိပါတယ်။
အမြင့်ဆုံး 1TB Storage သုံး iPhone 14 Pro Max ဟာ အမေရိကန်မှာ ၁၅၉၉ ဒေါ်လာ (မြန်မာငွေ ၅၅ သိန်းကျော်) ဈေး ကျသင့်ပြီး တူရကီမှာ ၃၁၃၆ ဒေါ်လာ (မြန်မာငွေ သိန်း ၁၁၀ ဝန်းကျင်) အထိ ပေါက်ဈေး ရှိပါတယ်။ တူရကီနိုင်ငံသားတွေအတွက် ဒီဈေးနှုန်းတွေက အထူးအဆန်းလို့ ပြောလို့ မရပါဘူး။ တူရကီနိုင်ငံဟာ ဟိုးအရင်ကတည်းက တန်ဖိုးမြင့်အီလက်ထရွန်းနစ်ထုတ်ကုန်တွေပေါ်မှာ အခွန်ကို မူရင်းဈေးထက် ၁၀၀% ကျော်အထိ ကောက်ခံတာတွေ ရှိလို့ ဖြစ်ပါတယ်။
တူရကီနိုင်ငံဟာ ပြီးခဲ့တဲ့ နှစ် ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ငွေကြေးဖောင်းပွမှုနှုန်း ၈၀% ကျော် ရှိလာပြီး ဆိုးရွားတဲ့ စီးပွားရေးအကြပ်အတည်းနဲ့ ကြုံတွေ့နေရတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ငွေကြေးမတည်ငြိမ်မှု မြင့်မားတာကြောင့် ၂၀၂၁ ခုနှစ်ထဲမှာ Apple ဟာ တူရကီနိုင်ငံအတွင်း ထုတ်ကုန်ရောင်းချမှု ရပ်ဆိုင်းခဲ့ပါတယ်။ အဲ့ဒီအချိန်က တူရကီဒေသသုံးငွေကြေး ဖောင်းပွမှုဟာ နာရီပိုင်းအတွင်း ဒေါ်လာဈေးနဲ့ ယှဉ်ရင် ၁၅% ကျဆင်းသွားတာပါ။ တူရကီမှာ Apple ထုတ်ကုန်တွေ ပြန်အရောင်းတင်ချိန်မှာ ဈေးနှုန်းကိုလည်း Apple က ၂၅% တင် ရောင်းလာပါတယ်။
iPhone ဈေးမှာ တူရကီ ပြီးရင် ဘရာဇီးက ဈေးအကြီးဆုံးနိုင်ငံအဖြစ် ဒုတိယနေရာက လိုက်ပါတယ်။ ဘရာဇီးမှာ 128GB မော်ဒယ် iPhone 14 Pro တစ်လုံးဟာ ၁၈၂၃,၁၉ ဒေါ်လာ (မြန်မာငွေ ၆၄ သိန်းဝန်းကျင်) နှုန်း ကျသင့်ပါတယ်။ iPhone 14 ကို မတန်မဆ ဈေးကြီးပေးဝယ်နေရတဲ့ နိုင်ငံတွေထဲမှာ အိန္ဒိယ ၊ ဟန်ဂေရီ နဲ့ ပိုလန်တို့လည်း ပါဝင်ပါတယ်။ iPhone 14 Pro သစ်တွေကို ဈေးအချိုဆုံးနဲ့ ဝယ်ချင်ရင် အမေရိကန် နဲ့ ဂျပန်တို့ကနေ ဝယ်နိုင်ပါတယ်။
အမေရိကန်မှာ iPhone 14 Pro (128GB Model) ကို (အခွန်မပါ) ၉၉၉ ဒေါ်လာ ကျသင့်ပြီး ဂျပန်မှာဆို ၁၀၃၉.၄၆ ဒေါ်လာ (မြန်မာငွေ ၃၆ သိန်းခန့်) ဈေး ရှိပါတယ်။ ဈေးအနိမ့်ဆုံး Base Model ဖြစ်တဲ့ 128GB iPhone 14 ကို SIM-Free ဈေးအပါ အမေရိကန်မှာ ၈၂၉ ဒေါ်လာ (မြန်မာငွေ ၂၉ သိန်းဝန်းကျင်) ဈေးနဲ့ ရောင်းပြီး ဂျပန်မှာဆို ၈၃၁.၂၉ ဒေါ်လာ (မြန်မာငွေ ၂၉ သိန်းကျော်) ဈေး ရှိပါတယ်။