Apple ဟာ iPhone တွေမှာ Lightning Connector အစား USB-C စံစနစ် သုံးဖို့ နောက်ထပ်ဖိအားနဲ့ ကြုံတွေ့လာရပြီ ဖြစ်ပါတယ်။
ဘရာဇီးနိုင်ငံဟာ Apple ထုတ် စမတ်ဖုန်းတွေမှာ USB-C Standard ထားဖို့ ဖိအားပေးတဲ့ တတိယမြောက်နိုင်ငံ ဖြစ်လာပါတယ်။ လျှပ်စစ်အမှိုက်လျှော့ချရေးကို အထောက်အကူပြုဖို့အတွက် အပြောင်းအလဲတစ်ရပ်အနေနဲ့ ဥရောပသမဂ္ဂ EU ဟာ Lightning Connector သုံး iPhone တွေကို USB-C စံ ကူးပြောင်းဖို့ ဇွန်လဆန်းပိုင်းကပဲ ဥပဒေသစ် အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။
EU ရဲ့ USB-C Charger ကို ဘုံစနစ် သတ်မှတ်လိုက်တဲ့ ဥပဒေအရ ၂၀၂၄ နောက်ပိုင်းကစပြီး Apple ဟာ iPhone တွေမှာ လက်ရှိသုံးနေတဲ့ Lightning အစား USB-C Port ပြောင်းလဲ ထုတ်လုပ်ရတော့မှာပါ။ EU ရဲ့ ဥပဒေထွက်လာပြီး မကြာခင်မှာပဲ အမေရိကန်လွှတ်တော်အမတ်တွေဟာ ထုတ်ကုန်တိုင်း ဘုံအသုံးပြုနိုင်မယ့် Charger စံတစ်ခု ပြဌာန်းဖို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို တောင်းဆိုမှု လုပ်ခဲ့ပါတယ်။
ဒီတစ်ခေါက်မှာတော့ ဘရာဇီးနိုင်ငံ စည်းမျဉ်းထိန်းသိမ်းရေးဆိုင်ရာ အဖွဲ့အစည်း Anatel ဟာ စမတ်ဖုန်းထုတ်လုပ်သူတွေကို အားသွင်း Ports တွေကို စံစနစ်တစ်ခု ထားဖို့ လှုပ်ရှားလာတာပါ။ Anatel အနေနဲ့ USB-C ဟာ စားသုံးသူတွေအတွက် ပိုပြီး အဆင်ပြေသလို ဘယ်ဖုန်းဝယ်ဝယ် ရှိပြီးသား Power Adapter တွေ ပြန်သုံးနိုင်မှာ ဖြစ်လို့ စွန့်ပစ်အမှိုက်လျှော့ချမှုအတွက်လည်း အထောက်အကူဖြစ်မယ်လို့ ယုံကြည်ထားပါတယ်။
နောက်ပိုင်းထွက် စမတ်ဖုန်းအများစုဟာ USB-C Port နဲ့လာတာ ဖြစ်ပြီး iPhone တစ်မျိုးပဲ Lightning Port အားသွင်းကြိုးနဲ့ လာတာ ဖြစ်ပါတယ်။ Apple ဟာ ၂၀၁၂ ခုနှစ်ထွက် iPhone 5 ကစပြီး Lightning Connector သုံးလာခဲ့တာပါ။ Apple ထုတ် MacBook ၊ iPad နဲ့ Macs ထုတ်ကုန်တွေမှာ USB-C Port သုံးလာပေမယ့် iPhone တွေမှာတော့ အခုထိ USB-C Port သုံးလာခြင်း မရှိသေးပါဘူး။
Anatel ရဲ့ အဆိုပြုချက်ဟာ လက်ရှိမှာ အများပြည်သူဆီက သဘောထားကောက်ခံတဲ့ အဆင့်မှာပဲ ရှိသေးတာ ဖြစ်ပြီး နည်းပညာကုမ္ပဏီတွေဆီကနေ စမတ်ဖုန်းအတွက် USB-C စံ မဖြစ်မနေ သတ်မှတ်ဖို့ အစီအစဉ်အပေါ် ထင်မြင်ချက်တွေ ရယူသွားဦးမှာပါ။ USB-C စံ မဖြစ်မနေ ထားရှိရေးနဲ့ ပတ်သက်ပြီး ထင်မြင်ချက်နဲ့ မှတ်ချက်တွေကို ဒီနှစ် ဩဂုတ်လ ၂၆ ရက်နေ့အထိ လက်ခံသွားမှာ ဖြစ်ပါတယ်။
USB-C စံထားရှိရေး အဆိုပြုချက် အတည်ဖြစ်မယ်ဆိုရင် ဘရာဇီးမှာ ရောင်းသမျှ စမတ်ဖုန်းတိုင်းဟာ လာမယ့် ၂၀၂၄ ဇူလိုင် ၁ ရက်နေ့ကစပြီး USB-C Port မဖြစ်မနေ ပါရတော့မှာ ဖြစ်ပါတယ်။