Maps app ထဲမှာ ကြော်ငြာတွေ ရှာလို့ရတဲ့ စနစ်ကို စပြိး စမ်းသပ်နေပြီလို့ ဆိုပါတယ်

iPhone ကုမ္ပဏီ Apple ဟာ ရောင်းလိုက်တဲ့ ဖုန်းတွေကနေ ပုံမှန်ဝင်ငွေရမယ့် အစီအစဉ်တစ်ခု စတင်ဖို့ ခြေလှမ်းပြင်နေတယ်လို့ ဆိုပါတယ်။ 

နာမည်ကြီး Bloomberg သတင်းထောက် မာခ့်ဂါးမန်းရဲ့ အစီရင်ခံစာတစ်ခုထဲမှာ Apple ဟာ iPhone နဲ့ တခြား Apple ထုတ်ကုန်တွေပေါ်က Pre-Installed တင်ထားတဲ့ Apps တွေထဲမှာ ကြော်ငြာ Ads တွေ တိုးပြီး ဖော်ပြတော့မယ်လို့ ဆိုပါတယ်။ Apple ထုတ် Maps ၊ Books နဲ့ Podcasts apps တွေ အပါအဝင် Pre-Installed apps တွေထဲမှာ ကြော်ငြာတွေ ပိုတွေ့ရတော့မယ် သဘောပါ။ 




မာ့ခ်ဂါးမန်းရဲ့ အဆိုအရ Apple ဟာ Maps app ထဲမှာ ကြော်ငြာတွေ ရှာလို့ရတဲ့ စနစ်ကို စပြီး စမ်းသပ်နေပြီလို့ ဆိုပါတယ်။ ဒီ search ads လုပ်ဆောင်ချက်ဟာ Maps မှာ စားသောက်ဆိုင်တွေ ၊ စတိုးဆိုင်တွေနဲ့ အနီးအနားက စီးပွားရေးလုပ်ငန်းတွေကို အသုံးပြုသူက ရှာဖွေတဲ့အခါ ဘယ်ဆိုင် ၊ ဘယ်လုပ်ငန်းကို ကြည့်ပါဆိုပြီး ထောက်ခံချက် Recommendations ပေးတာတွေ ဖော်ပြလာမှာပါ။ 

Apple ဟာ ဒီလိုမျိုး ကြော်ငြာရေးမော်ဒယ်စနစ်ကို Apple App Store ပေါ်မှာလည်း စပြီး အကောင်အထည်ဖော်ထားပါတယ်။ App Store ပေါ် တင်ထားတဲ့ App ကို ရေးဆွဲသူတွေဟာ သူတို့ရဲ့ App ကို ရှာဖွေရေးစာမျက်နှာ Search Page ပေါ်မှာ လူသိအောင် Promote လုပ်မယ်ဆိုရင် Apple ကို ပိုက်ဆံပေးရပါတယ်။ ဂါးမန်းရဲ့ အဆိုအရ Maps ပေါ်က ads တွေကလည်း ဒီအတိုင်းပဲ အလုပ်လုပ်သွားမှာ ဖြစ်လို့ ကိုယ့်လုပ်ငန်းကို လူပိုသိချင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဟာ အသုံးပြုသူက Maps ပေါ်မှာ ရှာဖွေရေးလုပ်တဲ့အခါ ကိုယ့်ကုမ္ပဏီနာမည် ထိပ်ဆုံးက ပေါ်လာစေဖို့ ပိုက်ဆံပေးရတော့မှာ ဖြစ်ပါတယ်။ 

Maps အပြင် ဖုန်းနဲ့ Apple ထုတ်ကုန်တွေမှာ တခါတည်း ထည့်သွင်းလာတဲ့ Podcasts နဲ့ Books App တို့လို Native Apps တွေမှာလည်း Apple ဟာ Ads တွေ ထည့်ဖို့ လုပ်လာနိုင်ပါတယ်။ App တစ်ခုချင်းစီရဲ့ အထဲမှာလည်း Ads ထည့်ဖို့ နေရာတွေ ဖန်တီးပေးမှာ ဖြစ်သလို Search Results မှာလည်း ကြော်ငြာထည့်ထားသူတွေရဲ့ content ကို လူပိုသိအောင် လုပ်ပေးတော့မှာပါ။ အခုထိတော့ Maps Apps လိုပဲ Podcasts နဲ့ Books Apps တွေဟာလည်း ကြော်ငြာမပါတဲ့ Ad-Free ဝန်ဆောင်မှုပေးထားပါတယ်။ 

App Store ပေါ်က Search tab ပေါ်မှာ Ads တွေ ထည့်ထားတဲ့ Apple ဟာ Today tab နဲ့ App Download စာမျက်နှာတွေမှာလည်း Ads တွေ တိုးချဲ့လာဖို့ ရှိပါတယ်။ 9to5Google သတင်းအရဆို Today tab ပေါ်က Ads တွေကို App နာမည်ရဲ့ အောက်မှာ Ad ဆိုတဲ့ စာလုံးထားပြီး ပိုပြီး ထင်ထင်ရှားရှား မြင်အောင် ဖော်ပြသွားမှာပါ။ App Page တစ်ခုချင်းပေါ်က Ads တွေဆိုရင် "You Might Also Like" ကဏ္ဍထဲမှာ အပြာရောင် Highlight စာတန်းနဲ့ မြင်ရမှာ ဖြစ်ပါတယ်။ 


Apple ဟာ ကြော်ငြာထည့်သွင်းမှုကို Apple TV Plus တွေပေါ်မှာလည်း တိုးချဲ့သွားဖို့ အလားအလာ ရှိတယ်လို့ ဂါးမန်းက ပြောပါတယ်။ နှစ်ကုန်ပိုင်းလောက်မှာ Apple အနေနဲ့ Netflix နဲ့ Disney Plus တို့ လုပ်သလိုမျိုး ကြော်ငြာပါတဲ့ တန်ဖိုးနည်း Subscription စနစ်မျိုး ဖန်တီးသွားဖို့ ရှိပါတယ်။ လောလောဆယ် Apple TV Plus ရုပ်သံဝန်ဆောင်ရေးဟာ ကြော်ငြာမပါ Ad-Free စာရင်းသွင်းမှုနဲ့ တစ်လကို ၄.၉၉ ဒေါ်လာ ကောက်ခံနေပါတယ်။ 

Apple ဟာ ၂၀၁၆ ခုနှစ်က စပြီး App Store ပေါ်မှာ ကြော်ငြာ Ads တွေ စတင် မိတ်ဆက်ခဲ့တာပါ။ ဈေးကွက်သုတေသနလုပ်ငန်း Omdia ရဲ့ အချက်အလက်တွေအရ Apple ရဲ့ ကြော်ငြာစီးပွားရေးလုပ်ငန်းဟာ ၂၀၂၁ ခုနှစ်ထဲမှာ လုပ်ငန်းတိုးတက်မှု ၂၃၈% အထိ ရှိခဲ့ပြီး ဒေါ်လာ ၃.၇ ဘီလျံ ဝင်ခဲ့တယ်လို့ ဆိုပါတယ်။ တစ်ဖက်မှာလည်း Apple ရဲ့ ATT လို့ ခေါ်တဲ့ App ခြေရာခံမှု ပွင့်လင်းမြင်သာရေးအစီအစဉ် ATT feature ကြောင့် ပြိုင်ဘက် Social Media ပလက်ဖောင်းတွေ ဒေါ်လာဘီလျံနဲ့ချီ ဆုံးရှုံးမှု ကြုံတွေ့ခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က