Apple ရဲ့ LCD display သုံး နောက်ဆုံးစမတ်ဖုန်းဖြစ်လာမယ့် iPhone SE 3 အကြောင်း သတင်းတချို့ ကြားသိရပြီ ဖြစ်ပါတယ်။
တတိယမျိုးဆက် iPhone SE 3 ဟာ iPhone XR ဒီဇိုင်းမျိုးနဲ့ ထွက်လာမယ်လို့ တရုတ်ဝက်ဘ်ဆိုက် MyDrivers က ဆိုပါတယ်။ MyDrivers ရဲ့အဆိုအရ ဖုန်းဘေးဘောင်ခလုတ်မှာ Touch ID လက်ဗွေဖတ် Scanner တစ်ခု ပါရှိမယ်လို့ ဆိုပါတယ်။ display ကို LCD display အမျိုးအစား သုံးထားပြီး ဒါဟာ iPhone တွေထဲမှာ LCD display သုံးတဲ့ နောက်ဆုံးဖုန်းပဲလို့လည်း ပြောထားပါတယ်။
iPhone SE 3 concept design (Photo: notebookcheck)
တခြား features တွေအနေနဲ့ iPhone 13 စီးရီးမှာ သုံးလာတဲ့ A15 Bionic chipset နဲ့ 5G ကွန်ရက်ချိတ်ဆက်မှုတွေ ပါလာဖို့ ရှိပါတယ်။ iPhone SE 3 နောက် ထွက်လာနိုင်တဲ့ SE ဗားရှင်းတွေမှာ LCD panel အစား OLED နဲ့ တခြားအဆင့်မြင့်တဲ့ display နည်းပညာတွေ သုံးသွားမှာပါ။ ဒီဇိုင်းပိုင်းမှာ iPhone SE 3 ဟာ လက်ရှိ ဒုတိယမျိုးဆက် iPhone SE မော်ဒယ်လို Home Button ထဲ Touch ID Scanner တပ်ထားတဲ့ ဒီဇိုင်းမျိုးမဟုတ်ဘဲ iPhone XR ဒီဇိုင်းပေါ် အခြေခံသွားဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။
လက်ရှိ ထွက်ထားတဲ့ iPhone SE 2 ဟာ iPhone 8 ပုံစံအတိုင်း ထွက်လာတာပါ။ နာမည်ကြီး Apple analyst တစ်ဦးဖြစ်တဲ့ မင်ချိကုအိုနဲ့ ရော့စ်ယန်းဂ်တို့ကတော့ iPhone SE 3 ဟာ iPhone XR လိုပဲ ၆.၁ လက်မဆိုဒ်နဲ့ လာမယ်လို့ ပြောခဲ့ဖူးပေမယ့် နောက်ပိုင်းမှာ iPhone SE 3 ဟာ လက်ရှိမော်ဒယ်လိုပဲ Home Button နဲ့ လာပြီး ဒီဇိုင်းအပြောင်းအလဲ ရှိမှာလည်း မဟုတ်ဘူးလို့ ပြန်ခန့်မှန်းခဲ့ပါတယ်။
ယန်းဂ်ရဲ့ အဆိုအရ ၂၀၂၃ မှာ ဖြန့်ချိဖို့ ရှိတဲ့ စတုတ္ထမျိုးဆက် iPhone SE သစ်မှာ ၆.၁ ဆိုဒ် display နဲ့ punch-hole ကင်မရာပေါက်တို့ သုံးလာမယ်လို့ ပြောထားပါတယ်။ iPhone SE 3 ကိုတော့ ၂၀၂၀ နွေပိုင်းမှာ မိတ်ဆက်သွားဖို့ ရှိပြီး 64GB storage ကနေ ထွက်လာဖို့ ရှိပါတယ်။ ဈေးနှုန်းလည်း လက်ရှိပေါက်ဈေး ၃၉၉ ဒေါ်လာနဲ့ပဲ ရောင်းချသွားဖို့ ရှိတယ်လို့ MyDrivers က ဆိုပါတယ်။