Supply ရှိသလောက် ရောင်းနေတုန်းပဲ လို့ ပြောပါတယ်

နှစ်ပေါင်း ၂၀ ကျော်ကြာ ရပ်တည်ခဲ့တဲ့ iPod ထုတ်ကုန် ထုတ်လုပ်မှု Apple ရပ်ဆိုင်းလိုက်ပြီလို့ ဆိုပါတယ်။

နောက်ဆုံးထွက် iPod model ကို ဈေးကွက်ထဲ ဆက်ရောင်းနေတုန်းပဲ ဖြစ်ပေမယ့် ထုတ်လုပ်မှု ဆက်မလုပ်တော့ဘူးလို့ Apple က အင်္ဂါနေ့မှာ ကြေညာပါတယ်။ "Music ကဏ္ဍဟာ အမြဲတမ်းပဲ Apple ရဲ့ အဓိကကျောရိုးတစ်ခု ဖြစ်နေပါတယ်။ iPod ဟာ လူသန်းရာပေါင်းများစွာကို ဂီတလောကထဲ ခေါ်ဆောင်လာနိုင်ခဲ့ပါတယ်။ ဂီတကို ဖော်ထုတ်တဲ့ ပုံစံ ၊ နားထောင်မျှဝေတဲ့နည်းလမ်းတွေပါ ပြန်ပြီး စည်းချပေးနိုင်ခဲ့ပါတယ်။ " လို့ Apple ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်မြှင့်တင်ရေး ဒုဥက္ကဌ ဂရက် ဂျော့စ်ဝစ်ခ်က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ 




တေးဂီတနားဆင်မှုလောကကို အကြီးအကျယ် ပြောင်းလဲနိုင်ခဲ့တဲ့ ထုတ်ကုန်တွေထဲမှာ iPod ကို ထိပ်ဆုံးက ဖော်ပြကြပါတယ်။ သွားလေရာ သယ်သွားနိုင်တဲ့ ဒီ Portable Music Player ကို ၂၀၀၁ ခုနှစ်က စတိဗ်ဂျော့စ်ကိုယ်တိုင် ပထမဆုံး မိတ်ဆက်ချပြခဲ့တာပါ။ ဒီဂျစ်တယ်ဂီတရပ်ဝန်းတစ်ခုကို ထိုးဖောက်ခဲ့တဲ့ အရေးပါဆုံးထုတ်ကုန်တစ်ခုဖြစ်တဲ့ iPod ဟာ အိတ်ကပ်ထဲ ထည့်သယ်သွားနိုင်တဲ့ ၆.၅ အောင်စအရွယ် Portable ဒီဇိုင်းနဲ့ CD အရည်အသွေးမီ သီချင်းအပုဒ်ရေ ၁၀၀၀ အထိ နားဆင်နိုင်မယ့် ပစ္စည်းအဖြစ် ကြေညာခဲ့တာပါ။

ပထမဆုံး iPod Touch ဗားရှင်းဟာ ၂၀၀၇ ခုနှစ်မှာ စတင် မိတ်ဆက်ခဲ့တဲ့ Original iPhone နဲ့ ဆင်ပါတယ်။ iPod Latest Version ကို ၂၀၁၉ ခုနှစ်မှာ မိတ်ဆက်ကြေညာခဲ့ပါတယ်။ ၂၀၁၉ မော်ဒယ် ၁၉၉ ဒေါ်လာတန် iPod Touch ဟာ ဖုန်းခေါ်ဆိုမှု မလုပ်နိုင်ပေမဘ့် သီချင်းနားထောင်နိုင်တဲ့အပြင် iMessage ပို့နိုင်ပြီး လူ ၃၂ ဦးနဲ့ တပြိုင်နက်တည်း FaceTime Call ပါ ခေါ်ဆိုနိုင်ပါတယ်။ ဒီဇိုင်းပိုင်းမှာလည်း Original iPhone နဲ့ ဆင်ပြီး 32GB/128GB/256GB Storage တို့နဲ့ လာပါတယ်။ 



နောက်ဆုံးပေါ် Apple Services တွေ ဖြစ်တဲ့ Apple News+ ၊ Apple Arcade ၊ Apple TV Channels နဲ့ Apple TV+ တို့လည်း အသုံးပြုနိုင်အောင် ထောက်ပံ့ပေးထားပါတယ်။ Processor ကိုလည်း iPhone 7 မှာ သုံးခဲ့တဲ့ Apple A10 Fusion Processor နဲ့ လာပြီး မီးခိုး ၊ အဖြူ ၊ ရွှေ ၊ အပြာ ၊ အနီ နဲ့ ပန်းရောင် ကာလာတွေနဲ့ ထွက်ပါတယ်။ iPod တွေထဲမှာ အကြီးဆုံး Upgrade မြှင့်တင်မှုတွေ သုံးထားပေမယ့် iPod အတွက် ဈေးကွက်ဟာ အကျဘက် ရောက်လာတယ်လို့ ဆိုရမှာပါ။

၂၀၀၇ နှစ်လယ်ပိုင်းမှာ iPod အလုံးရေ သန်း ၁၀၀ ကျော် ရောင်းချနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ iPod ထက် ပိုပြီး Features စုံသလို နည်းပညာဆန်းသစ်လာတဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကြောင့် iPod တွေရဲ့ တစ်ခေတ် ကုန်ဆုံးချိန် ရောက်လာခဲ့တာလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က