ပရီးမီးယားလိဂ်ပွဲစဉ် (၂၇)ရဲ့ စနေနေ့၊အစောဆုံးပွဲအဖြစ် ကစားခဲ့တဲ့ ဘန်လေနဲ့ စပါးတို့ရဲ့ ပွဲစဉ်မှာ စပါးအသင်းဟာ ထိပ်ဆုံးနှစ်သင်းဖြစ်တဲ့ မန်စီးတီး နဲ့ လီဗာပူးလ်တို့ ပွဲကျပ်နေချိန်ကို အခွင့်ကောင်းမယူူနိုင်ခဲ့ပဲ အဝေးကွင်းမှာ ဘန်လေကို အရေးနိမ့်ခဲ့ပါတယ်။ လက်ရှိမှာ ထိပ်ဆုံး(၂)သင်းနဲ့ (၅)မှတ်ကွာဟနေခဲ့ပြီး ဒီပွဲကိုသာ အနိုင်ရခဲ့မယ်ဆိုရင် (၂)မှတ်အကွာနဲ့ ဖိအားပေးနိုင်မယ့် အခွင့်အရေးကို စပါးတို့ လက်လွှတ်ခဲ့ရပါတယ်။
စပါးမှာ အံ့အားသင့်ဖွယ်ရာအဖြစ် ဒဏ်ရာကနေ အလျင်အမြန်သက်သာလာခဲ့တဲ့တိုက်စစ်မှူး ဟယ်ရီကိန်း ပြန်လည်ပါဝင်ခဲ့ပြီး ဂိုးတစ်ဂိုးသွင်းနိုင်ခဲ့ပေမယ့်လည်း အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဘန်လေကတော့ အိမ်ကွင်းခြေစွမ်းမာကျောတဲ့အသင်းပီပီ စပါးကို အကောင်းဆုံးကစားသွားခဲ့ပြီး အိမ်ကွင်းမှာ အဖိုးတန်နိုင်ပွဲတစ်ပွဲ ရရှိသွားခဲ့ပါတယ်။
ပထမပိုင်းမှာ စပါးက ဘောလုံးပိုင်ဆိုင်မှုအသာ၊ ကစားကွက်အသာနဲ့ ကစားနိုင်ခဲ့ပေမယ့်လည်း လိုအပ်တဲ့ သွင်းဂိုးရရှိဖို့အတွက်တော့ ဘန်လေနောက်တန်းကို မကျော်ဖြတ်နိုင်ခဲ့တာကြောင့် ရုန်းကန်ခဲ့ရပါတယ်။ ဒါကြောင့်လည်း ပထမပိုင်းအပြီးမှာ ဂိုးမရှိသရေအဖြစ်နဲ့ ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာ ဘန်လေက သူတို့ရဲ့ မာကျောတဲ့ခြေစွမ်းနဲ့အတူ စပါးကို အနိုင်ယူခဲ့ပါတယ်။
ပွဲကစားချိန် (၅၇)မိနစ်မျာ ခရစ်ဝုဒ်က ဘန်လေအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒီသွင်းဂိုးကြောင့် စပါးတို့ ဖိအားဝင်သွားခဲ့ပြီး တိုက်စစ်ဖွင့်ကစားခဲ့လို့လည်း (၆၅)မိနစ်မှာ ဟယ်ရီကိန်းက ဒန်နီရို့စ်ရဲ့ ဖန်တီးပေးမှုကနေ ချေပဂိုးသွင်းယူပေးခဲ့ပါတယ်။ ချေပဂိုးရသွားပြီးနောက်မှာ စပါးက အနိုင်ဂိုးအတွက် အားထည့်ကစားခဲ့ပေမယ့် ဘန်လေကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး
(၈၃)မိနစ်မှာ ဘန်လေအတွက် အဖိုးတန်အနိုင်ဂိုးကို အက်ရှ်လေဘားနက်စ်က သွင်းယူသွားခဲ့ပြီးတော့ စပါးအသင်းကို အဝေးကွင်းမှာ အမှတ်ဗလာဖြစ်အောင် စွမ်းဆောင်သွားခဲ့ပါတယ်။ ပိုချက်တီနိုအတွက်တော့ ဒီပွဲအရှုံးက တန်ဖိုးကြီးကြိးပေးဆပ်ခဲ့ရတာဖြစ်ပြီး ချန်ပီယံဆုဖလားအတွက် စပါးဟာ အသင့်ဖြစ်နေတဲ့ အသင်းမဟုတ်တဲ့အကြောင်းကိုလည်း ထင်ရှားစေခဲ့ပါတယ်။