"ပေါက်စီလုပ်ရတာကိုပျော်တယ်။ကိုယ်ဝါသနာပါတဲ့ အသက်မွေးဝမ်းကျောင်းကို ရှာတွေ့ခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ကျေနပ်တယ်"လို့ ဆိုလာသူကတော့ ITမေဂျာနဲ့ဘွဲ့ရခဲ့ပေမယ့် နည်းပညာပိုင်းနဲ့ပတ်သက်တဲ့ လုပ်ငန်းခွင်ကို မရွေးချယ်ပဲ ဝါသနာပါတဲ့အသက်မွေးဝမ်းကျောင်းကိုလုပ်ကိုင်ရင်း အောင်မြင်မှုလမ်းပေါ်ကို ခြေချနိုင်ခဲ့တဲ့ Eleven ပေါက်စီရဲ့ Founder မအိအိမိုး ဖြစ်ပါတယ်။
Eleven ပေါက်စီရဲ့အစ
ကျောင်းတစ်ဖက်နဲ့ အိမ်ကမသိအောင် မုန့်ဖိုးတွေစုပြီး မုန့်သင်တန်းတွေတတ်ခဲ့တဲ့ မအိအိမိုးဟာ အခုချိန်မှာတော့ Eleven Bakery ဆိုတဲ့နာမည်နဲ့အောင်မြင်တဲ့ အိမ်တွင်းမုန့်လုပ်ငန်းတစ်ခုကို ဦးစီးလုပ်ကိုင်နေသူဖြစ်ပါတယ်။ IT မေဂျာနဲ့ ကျောင်းပြီးဘွဲ့ရခဲပေမယ့် တကယ်ဝါသနာပါတဲ့အလုပ်က မုန့်လုပ်ရတာဆိုတာကို သိရှိပြီးတဲ့နောက် ၆နှစ်လေ့လာသင်ယူခဲ့တဲ့ ITဘွဲ့နဲ့ အသက်မွေးဝမ်းကြောင်းမပြုပဲဝါသနာပါတဲ့မုန့်လုပ်ငန်းကို ရွေးချယ်လုပ်ကိုင်ရင်း အသက်၂၀ကျော်မှာအောင်မြင်တဲ့လုပ်ငန်းတစ်ခုကို အခြေချ နိုင်နေပြီဖြစ်ပါတယ်။
“ကျောင်းမပြီးခင်ကတည်းက မုန့်သင်တန်းတွေလိုက်တတ်တာပေါ့။ အဲ့တုန်းကကျောင်းတစ်ဖက်နဲ့ဆိုတော့ သေချာမလုပ်နိုင်ခဲ့ဘူး။ ကျောင်းပြီးလို့ အသက်မွေးဝမ်းကျောင်းအတွက် အလုပ်လုပ်ဖို့ရွေးချယ်တဲ့အခါ ကိုယ်တကယ်ပျော်ပြီး လုပ်ချင်တဲ့အလုပ်က မုန့်လုပ်တဲ့လုပ်ငန်းဖြစ်နေတယ်။ IT နဲ့ကျောင်းတတ်ဘွဲ့ရခဲ့ပေမယ့် အဲ့အလုပ်နဲ့လုပ်ငန်းခွင်၀င်ရမှာကိုမပျော်ဘူး။အဲ့ဒါကြောင့်ကိုပျော်တဲ့အလုပ်ကိုပဲရွေးချယ်ခဲ့တာပါ။ ပေါက်စီလုပ်ရတာကိုပျော်တယ်။ကိုယ်ဝါသနာပါတဲ့ အသက်မွေးဝမ်းကျောင်းကို ရှာတွေ့ခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ကျေနပ်တယ်"လို့ Eleven ပေါက်စီရဲ့ Founder မအိအိမိုးကပြောပါတယ်။
မိသားစုရဲ့ အသိအမှတ်ပြုမှုပါရလာတဲ့ လုပ်ငန်းလေး
လစာနဲ့အလုပ်အကိုင်အခွင့်လမ်းကောင်းတဲ့ ITဘွဲ့နဲ့ လုပ်ငန်းခွင်၀င်ဖို့မရွေးချယ်ခဲ့ဘဲ မုန့်လုပ်ငန်းကိုရွေးချယ်ခဲ့ တဲ့အတွက် အစပိုင်းမှာမိသားစု၀င်တွေက သဘောမတူတာတွေ၊ကန့်ကွက်တာတွေကြုံခဲ့ရပါတယ်။ ဒါပေမယ့် လည်း ဇွဲသန်သန်နဲ့ကြိုးစားခဲ့တဲ့ရလဒ်တွေကို မြင်တွေ့လာချိန်မှာတော့ မိသားစု၀င်တွေကပါ ဒီလုပ်ငန်းလေးကို အသိမှတ်ပြုအားပေးလာတယ်လို့ မအိအိမိုးကပြောပါတယ်။
"အစပိုင်းမှာတော့ အိမ်ကမုန့်လုပ်တာ သိပ်သဘာမတူဘူး။ကိုယ့်မေဂျာနဲ့ဆိုင်တဲ့အလုပ်ကိုမလုပ်ပဲ တခြားဟာတွေလုပ်နေတော့ တကယ်ရောဖြစ်မှဖြစ်ပမလားဆိုပြီး စိုးရိမ်ကြတာ့ သိပ်အားမပေးကြဘူး။ကိုယ်တိုင်က ဒါပဲလုပ်မှာ သေချာတယ်ဆိုတဲ့အချိန် မှာတော့ မိသားစုကလည်းလက်ခံပြီးဝိုင်းဝန်းပေးကြတယ်။မုန့်နဲ့ပတ်သက်တဲ့ အကြံဉာဏ်တွေလဲပေးကြတယ်"လို့ မအိအိမိုးကပြောပါတယ်။
တစ်နှစ်အတွင်း စားသုံးသူအခိုင်အမာရလာတဲ့ ပေါက်စီ
Eleven Bakery လေးရဲ့အစကတော့တစ်နိုင်တစ်ပိုင်မုန့်လုပ်ရင်း အွန်လိုင်းကနေစတင်ရောင်းချခဲ့တာဖြစ်ပါတယ်။ အစပိုင်းမှာကိတ်မုန့်နဲ့တခြားမုန့်လေးတွေရောင်းချခဲ့ပေမယ့် ကိုယ်တိုင်ကပေါက်စီကြိုက်သူမို့ ပေါက်စီကို အဓိက ထားရောင်းချခဲ့ရာကနေ အခုတော့ ဆိုင်သက်တမ်းတစ်နှစ်ဝန်းကျင်မှာပဲ Eleven ပေါက်စီဆိုပြီး စားသုံးသူအခိုင်အမာနဲ့နာမည်တစ်လုံးနဲ့ရပ်တည် နေနိုင်ပြီဖြစ်ပါတယ်။
"သင်တန်းတတ်ပြီး အိမ်မှာမုန့်ပြန်လုပ်တယ်။ကိုယ်လုပ်ထားတာလေးကို မိသားစုနဲ့ခင်မင်ရသူ တွေကိုကျွေးရင်းနဲ့ အရသာဘယ်လိုနေလဲ ကိုယ့်လက်ရာအဆင်ပြေလားမေးပြီး လိုတာလေးတွေပြန်ပြင်ရင်းစခဲ့တာ။ စီးပွားဖြစ်စရောင်းတာကတော့ အွန်လိုင်းကနေပဲစခဲ့တာ။ အဲ့တုန်းက ကိတ်မုန့်တလှည့် ပေါက်စီတလှည့်ရောင်းတာ နောက်ပိုင်းကျတော့ ကိုယ်တိုင်ကလည်း ပေါက်စီကြိုက်တော့ ပေါက်စီကိုပဲအဓိက ရောင်းဖြစ်သွားတယ်။ ပေါက်စီကိုမှ အရသာအမျိုးစုံစုံလေးနဲ့ဂျူံသားအိအိလေးဖြစ် အောင်လုပ်တော့ စားကောင်းတာ့ကြိုက်ကြတယ်။ အခုတော့စားသုံးသူတွေက Eleven Bakeryထက် Eleven ပေါက်စီဆိုပိုပြီးသိကြတယ်လို့" ကိုယ်ပိုင်လုပ်ငန်းလေးအောင်မြင် အောင်ကြိုးစားခဲ့ရပုံကို မအိအိမိုးက ပြေပြပါတယ်။
အလုံး၅၀နဲ့စခဲ့တဲ့ဆိုင်လေးက အခုတော့ လက်မလည်အောင်ရောင်းရ
ဂျူံသားအိအိလေးနဲ့ နူးညံ့ပြီး စားကောင်းတာကတော့ Elevenပေါက်စီရဲ့ အမှတ်အသားတစ်ခုလို့ဆိုနိုင်ပါတယ်။ ပေါက်စီထဲမှာထည့်သွင်းထားတဲ့ အစာပလာတွေကလည်း တမူကွဲပြားတဲ့အရသာနဲ့ အမျိုးအစားစုံလင်လှတာကြောင့် ဆိုင်သက်တမ်းမကြာသေးပေမယ့် စားသုံးသူတွေကြားတစ်ဆင့်စကား ညွှန်းဆိုမှုတွေနဲ့ နာမည်ရနေတဲ့ပေါက်စီလေးဖြစ်ပါတယ်။ ပေါက်စီစရောင်းစဥ်က တစ်ရက်ကို အလုံး၅၀လောက်ရောင်းရဖို့ ကြိုးစားခဲ့ရတဲ့ဆိုင်လေးဟာ လက်ရှိမှာတော့ တစ်ရက်ကို ပေါက်စီအလုံး (၆၀၀)နီးပါးပုံမှန်ရောင်းရတဲ့အထိ ရောင်းအားကောင်းပေါက်စီဆိုင်လေးဖြစ်နေပါပြီ။
"စရောင်းတုန်းက ပေါက်စီတစ်ရက်ကို အလုံး၅၀ လောက်ရောင်းရဖို့ကို တော်တော်ကြိုးစားရတယ်။ အဲ့တုန်းကဆို နောင်တရတဲ့အချိန်တွေလည်းရှိတယ် ငါရွေးချယ်မှုများမှားသွားလားဆိုပြီး။ဒါပေမယ့်လည်း ဒီအလုပ်လုပ်ရတာကိုကြိုက်တာ့ ငါဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်နဲ့ပဲကြိုးစားခဲ့တာ။ အဲ့တုန်းကသာရပ်လိုက်ရင် အခုလိုမျိုး Eleven ပေါက်စီဆိုပြီးဖြစ်လာမှာမဟုတ်ဘူး"လို့ မအိအိမိုးက ဆိုပါတယ်။
ပေါက်စီအမျိုးအစားနဲ့ဈေးနှုန်းလေးက
Eleven Bakery မှာတော့ ပေါက်စီအမျိုးအစား (၁၁)မျိုးထိရရှိပြီး ဝက်သားကင်ပေါက်စီကတော့ ဆိုင်ရဲ့ရောင်းအား အကောင်းဆုံးပေါက်စီပါ။ ဝက်ဂုတ်သားကင်ကိုအစာသွပ်ထားတဲ့ ပေါက်စီအိအိလေးက တစ်ခါစာဖူးတာနဲ့ အကြိုက်တွေ့စေမယ့်အရသာပါ။ ဒါ့အပြင်ဒူးရင်းသီးပေါက်စီနဲ့ချော်ရည်ပေါက်စီတို့ကလည်း လူကြိုက်များလှတဲ့ ပေါက်စီတွေဖြစ်ပါတယ်။ပေါက်စီစျေးနှုန်းတွေကတော့ ပေါက်စီအမျိုးအစားအလိုက် ၁၅၀၀၊၁၂၀၀၊၁၀၀၀၊ ၉၀၀၊၆၀၀ကျပ်ဖြစ်ပါတယ်။ပေါက်စီအပြင် BKK Sandwich နဲ့လက်ဖက်ရည်တို့လည်းရပါတယ်။ BKK Sandwichက ၅၅၀၀ကျပ်ဖြစ်ပါတယ်။
Eleven ပေါက်စီရဲ့ ဆိုင်နေရာလေး
ဆိုင်ဖွင့်ချိန်က မနက်၇နာရီကနေညနေ၅နာရီအထိဖြစ်ပြီး ဆိုင်ထိုင်စားမရသေးတာကြောင့် Eleven ပေါက်စီလေး ကို စားသုံးချင်သူတွေအနေနဲ့ အော်ဒါမှာပြီး ဆိုင်မှာသွားယူလို့ရသလို Delivery နဲ့လည်းမှာယူလို့ရပါတယ်။ ဆိုင်လိပ်စာက အမှတ်၈၁၊မြေညီ၊မြောင်းကြီးလမ်း၊ ရေကျော်၊ပုဇွန်တောင်မြိုနယ်မှာဖြစ်ပြီး ဖုန်းနံပါတ် 09777340640ကိုဆက်သွယ်မှာယူနိုင်ပါတယ်။ဝါသနာနဲ့ပျော်ရွှင်မှုတွေပေါင်းစပ်လုပ်ကိုင်ထားတဲ့ Eleven Bakeryရဲ့ ပေါက်စီအိအိလေးကို မြည်းစမ်းကြည့်ဖို့အတွက် ဖိတ်ခေါ်လိုက်ပါတယ်။